ကဗျာကဏ္ဍ “ရင်ထဲကနွေ”
ပျိုးကြဲလက်
အုန်းအုန်းအုန်းဝုန်း ၊ ပြေးဟဗုံးတွေ
ဗုံးကြဲနေပြီ ၊ ဟောဒုံးကျည်နဲ့
ပစ်ပြီပစ်ပြီ ၊ ပစ်ကုန်ပြီဟေ့ ။
ပြေးကြပြေးကြ ၊ ပြေးထားကြဟ
ရှောင်ကြနေရပ် ၊ မုဒိမ်းတပ်က
ရွာကပ်လာပြီ ၊ မီးရှို့ပြီဟ ။
အမယ်လေးလေး ၊ သည်စစ်ခွေးနဲ့
မအေးရဘူး ၊ အမေဦးရေ
ရေဗူးလေးတော့ ၊ သယ်ခဲ့တော့် ။
အေးဟဲ့ဂျာအေး ၊ နင့်ကလေးရော
ငါ့ပေးယခု ၊ သွေးနုနုနဲ့
မိစုနောက်လိုက် ၊ မီအောင်လိုက်နော် ။
မောင်လေးသာခင် ၊ ဘကြီးတင်က
လေသင်ဓုန်းဖြတ် ၊ စိတ်ကဆတ်နဲ့
လူပြတ်ကြီးဟေ့ ၊ ကူပါအေ့ ။
ဟုတ်ကဲ့မမှုန် ၊ လှည်းနဲ့ကြုံတုန်း
မမှုန်ပါတက် ၊ ရွာကထွက်ရင်
သွက်သွက်မောင်းမှ ၊ တော်ကာကျမှာ ။
ဟဲ့ဟဲ့သောက်ခွေး ၊ အမယ်လေးတော့်
ဖွားလေးခင်မိ ၊ ခလုတ်ထိပြီ
လာကြည့်ပါဦး ၊ ကိုသာထူးရေ ။
အေးဟလာပြီ ၊ ထော်လာဂျီမှာ
ဒေါ်ရီဒွေးအုန်း ၊ အမေပြုံးနဲ့
အားလုံးခေါ်မယ် ၊ မိနွေးရယ် ။
ဝုတ်ဝုတ်ဘွတ်အဲ ၊ ညှောင်ပဲဟဲညှောင့်
ဟောဟဲပြေးဟ ၊ ပြေးထားကြဟေ့
ကတော်ကတော် ၊ အော်အီးအီးအွတ် ။
စုရပ်ဒီမှာ ၊ အားလုံးလာဟေ့
သေချာလူစစ် ၊ စိတ်မညစ်နဲ့
စစ်ခွေးရန်ဘေး ၊ ဝေးပြီဝေးပြီ ။
ငါ့မောင်ဘကျောက် ၊ ရေတစ်ပေါက်လောက်
ဘယ်လောက်ဝေးဝေး ၊ စိတ်မအေးဘူး
ဟေ့အေးဟိုမှာ ၊ ငါတို့ရွာက
ကြည့်ပါမီးခိုး ၊ ရိပ်ရိပ်တိုးပြီ ။
ကုန်ပါပြီတော် ၊ ကုန်ပြီတော်ရေ့
ငါနော်ဟင်းဟင်း ၊ ဟင်းအဟီးဟီး ။
ငါလည်းရူးပြီ ၊ ရူးရပြီဟ
အဟီဟင်းဟင်း ၊ ဟင်းအဟီးဟီး ။
သမီးမသွဲ့ ၊ မပါခဲ့ဘူး
ကယ်လှည့်ပါဦး ၊ ကယ်ပါဦးတော့် ။
လူယုတ်တစု ၊ ခိုးဆိုးလုနှင့်
မုဒိမ်းလူသတ် ၊ မီးရှို့တတ်၍
ငတ်လည်းအတည် ၊ တော်လှန်မည်ဟေ့
မျက်ရည်ကိုသုတ် ၊ ဓားကိုထုတ်ကြ
မျက်ရည်ကိုသုတ် ၊ ဓားကိုထုတ်ကြ ။
အုန်း အုန်း အုန်း ဝုန်း ။
ပြေးဟပြေးဟ ၊ ပြေးကြဦးဟ
ပြေးဟပြေးဟ ၊ ပြေးလိုက်ဦးဟ ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၂ ခုနှစ်၊ ဇွန်လ ၄ ရက် နံနက် ၅ နာရီ ၄၈ မိနစ်
D Day News