Story

0 0
Read Time:20 Minute, 0 Second

ကန့်သတ်ချုပ်ခြယ်မှုဖြင့် ပြုလုပ်ခဲ့ရသော ကရင် ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲ(ဆောင်းပါး)

 

စောဇင်မောင်

 

မြန်မာနိုင်ငံအတွင်းရှိ ဌာနေကရင်တိုင်းရင်းသားများ ပြုလုပ်နေသော ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲဟာ ဝါခေါင်လ အတွင်းပြီးဆုံးသွားခဲ့သော်လည်း အပြည်တွင်းရှိ စစ်ကောင်စီထိန်းချုပ်ထားသော ဒေသ များတွင်မူ အာဏာပိုင်အချို့၏ ခွင့်ပြုချက်ရမှသာ ဒေသခံကရင်လူမျိုးများအနေဖြင့် ကန့်သတ်ချုပ် ခြယ်မှု ကြားမှ ကျင်းပနေကြရသည်။

 

ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲကို မြန်မာလ ဝါခေါင်လ နှင့်အင်္ဂလိပ်လ ဇူလိုင်လနှင့် ဩဂုတ်လတို့ တွင် နှစ်စဉ်ပုံမှန်ကျင်းပခြင်းဖြစ်သည်။

 

ပွဲတော်ကျင်းပရာတွင် မြန်မာနိုင်ငံတဝှမ်းသာမက ပြည်ပနိုင်ငံများရှိဌာနေ ကရင်တိုင်းရင်းသားများ လည်း မိမိနေထိုင်ရာဒေသများတွင် စုစည်းညီညွတ်စွာဖြင့် ကျင်းပပြုလုပ်ကြသည်။

 

ချည်ဖြူဖွဲ့ခြင်းဆိုသည်မှာ လက်ကို ချည်ဖြူဖြင့် ဖွဲ့နှောင်ရစ်ပတ်ရခြင်းပင်။

 

ကရင်တိုင်းရင်းသားတို့သည် တိဗက်-တရုတ်ဒေသမှ လာရောက်ခဲ့သူများဖြစ်ပြီး မြန်မာနိုင်ငံအတွင်း သို့ ဝင်ရောက်ရာတွင်”ဖူ့ထော်မဲပါ”ဟူသော ပုဂ္ဂိုလ်က ဦးဆောင်၍ ထွက်ခွာခဲ့ခြင်းဖြစ်သည်။

 

ထို့နောက် အုပ်စုအလိုက် လူစုမခွဲကြမီ မိမိတို့လူမျိုးအချင်းချင်းနောင်တွင် တွေ့ဆုံကြသောအခါ မှတ် မိစေရန် တစ်စုံတစ်ခုသော အမှတ်အသားကို ပြုလုပ်ထားသင့်ကြောင်း ခေါင်းဆောင်လူကြီး အချင်း ချင်း ပြောဆိုတိုင်ပင်ကာ မိမိတို့ လက်အောက်ငယ်သားများ၏ လက်ကောက်ဝတ်တွင် ချည်ဖြူဖြင့် ဖွဲ့နှောင်ပေးလိုက်ကာ ဆုတောင်းပထာနာ ပြုပေးခဲ့ကြခြင်းဖြင့် အစပြုခဲ့သည်ဟု ဆိုသည်။

ဤသည်ကို အစွဲပြုပြီး ယခုအခါတိုင်အောင် ကရင်တို့ ချည်ဖြူဖွဲ့မင်္ဂလာကို ပြုလုပ်လာခဲ့ကြကြောင်း သမိုင်းမှတ်တမ်းများမှ သိရသည်။

 

ထို့ကြောင့် မြန်မာလဖြစ်သော ဝါခေါင်လရောက်တိုင်း ချည်ဖြူဖွဲ့ပေးခြင်းဖြင့် လွင့်ပါးနေသောစိတ် များ တည်ငြိမ်မှုရှိလာစေရန်၊ သူတစ်ပါးတို့၏ လိမ်လည်လှည့်ဖျားမှုတို့မှ ကင်းဝေးစေရန်နှင့် ကျန်းမာ ရေး သုခ ပြည့်စုံပြီး စီးပွားဥစ္စာ တိုးတက်စေရန် စွမ်းဆောင်နိုင်သည်ဟုသော ယုကြည်ချက်ဖြင့် နှစ် စဉ်နှစ်တိုင်း ကျင်းပခြင်းဖြစ်ပါသည်။

ရိုးရာချည်ဖြုဖွဲ့မင်္ဂလာပွဲတွင် အများအားဖြင့်ရိုးရာ ယဉ်ကျေးမှု နားလည်သော လူကြီး ၁၀ ဦး အထိ ပါဝင်ရသည်။

 

ပဏာမချည်ဖြူပွဲ စကောဗန်း သယ်ဆောင်သူများအနေဖြင့်လူငယ်အရွယ်အမျိုးသားနှင့်အမျိုးသမီး ၁၀ ဦးမှ ၁၅ ဦးအထိပါဝင်ရသည်။

 

ပွဲတော်ပါဝင် ပစ္စည်းများသယ်ဆောင်ရသော လူငယ်များမှာ အသက်၁၈ နှစ်မှ အသက်၂၅ နှစ်ကြား ယောက်ျားလေး၊ မိန်းကလေး လူပျို၊ အပျိုများသာ ဖြစ်ရသည်။

 

လူငယ်များကို ဦးဆောင်စေခြင်းမှာ မိမိရိုးရာယဉ်ကျေးမှုအားမြင့်တင်ရန်နှင့် ယဉ်ကျေးမှုအစဉ်အလာ ထိန်းသိမ်းတက်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

 

အဆိုပါ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲကျင်းပရာပွဲတော် စကောဝိုင်းတွင် ငှက်ပျောသီး၊ ကောက် ညှင်းထုပ်၊ ထမင်းဆုပ်၊ နတ်ပန်းညို၊ ချည်ဖြူ၊ ရေနှင့် ကြံပိုင်းတို့ ပါဝင်သည်။

 

ငှက်ပျောသီးကို အရှေ့ပိုးကရင် ဘာသာဖြင့် “သာကွီသား”ဟုခေါ်ပြီး “သာကွီ”ဆိုသည်မှာ စိတ်ထား ဖြူ စင်ခြင်း၊ နှစ်နှစ်ကာကာ သံယောဇဉ်ရှိခြင်းသဘောကို ဆောင်သည်ဟု အဓိပ္ပာယ်ရသည်။

 

ကရင်လူမျိုးများသည် ငှက်ပျောသီးကဲ့သို့ တစ်ဖီးတည်း တစ်ခိုင်တည်း စုစုစည်းစည်း ညီညီညာညာ ဖြင့် ဥမကွဲ သိုက်မပျက် နေထိုင်ကြသည့် သဘောဖြစ်သည်။

 

ကောက်ညှင်းထုပ်သည် စေးကပ်နေသည့် သဘောရှိပြီး တော်ရုံနှင့် ခွါ၍ မရပေ။ ထိုသဘောကို အစွဲ ပြု၍ ကရင် လူမျိုးအချင်းချင်း ချစ်ကြည်ရင်းနီးစွာနေထိုင်မှုကို မည်သူတစ်ဦးတစ်ယောက်ကမျှ သွေး ခွဲ မရနိုင်သည်ဟူသော သဘောကို ဆောင်ယူထားခြင်းဖြစ်သည်။

 

ထမင်းဆုပ်ကို ကရင်အခေါ်အားဖြင့် “မင်ထုံဒူး”ဟု ခေါ်ဆိုပြီး “မင်”ဆိုသည်မှာ ထမင်း၊ “ထုံဒူး”ဆို သည်မှာ ဆုပ်ကိုင်ခြင်း၊ စုစည်းခြင်းဟု အဓိပ္ပာယ်ရသည်။ အချင်းချင်း သွေးစည်းညီညွတ်စွာ နေထိုင် ကြသည်ဟု အတိတ်နိမိတ် ယူခြင်းထားဖြစ်သည်။

 

နတ်ပန်းညိုကို ကရင်ဘာသာဖြင့်”ဖော့ဝီး”ဟု ခေါ်ပြီး ၎င်းပန်း၏ အမြစ်များသည် ဆက်နွယ်ကာ တစ် အုံ တစ်ခိုင်ရှိသည့်အပြင် မည်သည့်နေရာတွင်မဆို ပေါက်ရောက်ပြီး ဘေးအန္တရာယ်များ ရာသီဥတု အန္တရာယ်များကို ခံနိုင်ရည် ရှိသည်။

 

ထို့အပြင် အပင်သည် ဆွေးမြေ့သွားသော်လည်း အချိန်တန်လျှင် အမြစ်မှ ပြန်ပေါက်တတ် သည့် သဘောကို ဆောင်သည်။ ထို့ကြောင့် နတ်ပန်းညိုကို စံနမူနာယူနိုင်စေရန် အမြတ်တနိုး အလေးထား ကာ ထည့်သွင်း ထားခြင်းဖြစ်သည်။

 

ချည်ဖြူသည် ဖြူစင်သန့်ရှင်းသော သဘောကို ဆောင်သည်။ ကရင်လူမျိုးမှန်လျှင် လက်ကောက် ဝတ်၌ ချည်ဖြူအမှတ်အသား ပါရှိရမည်ဟု ရှေးအစဉ်အဆက်က မှတ်သားချက်ရှိသည်။

ကရင်လူမျိုး အချင်းချင်းသည်လည်း ချည်ဖြူများပမာ စုစည်းခိုင်မာရမည့်သဘောကို ဆောင်သည်။

 

ရေသည် အေးမြနေသကဲ့သို့ ကရင်တိုင်းရင်းသားတို့၏ ဘဝခရီးလမ်းသည်လည်း ရေကဲ့သို့ အေးမြ ကြည်လင်စေရန် ရည်ရွယ်သည့် အနက်အဓိပ္ပာယ်ကို ဆောင်သည်။

 

ကြံပိုင်း၏ အဓိပ္ပာယ်မှာ ကြံတို့မည်သည် အဆစ်တိုင်းတွင် အပင်ပေါက် မျိုးဆက်ပျံ့သည့် သဘောကို ဆောင်သည်နှင့်အညီ အမျိုးအနွယ် တွယ်တာစောင့်ထိန်းသော သဘောကို ဆောင်သည်။ ထို့ပြင် ကြံ သည် ချိုသောအရာသာ ရှိသောကြောင့် ချိုသာဖြူစင်သော သဘောကို ဆောင်သည်။ ကြံပင်ကို ပမာပြုကာ ရှေ့အနာဂတ်ဘဝ တိုးတက်စည်ကားရေး ကြိုးစားရမည့်သဘော အနက်အဓိပ္ပာယ်ကို ဆောင်သည်။

 

နှစ်စဉ် ဝါခေါင်လတွင် ကျင်းပမြဲဖြစ်သော ချည်ဖြူဖွဲ့မင်္ဂလာ အချိန်တွင် ကရင်တိုင်းရင်းသားများ အား လုံးကို “ပြူးလာ-ပြူးလာ”ဟူ၍ အစချီကာ “စုပေါင်းညီညာစွာ မိမိတို့ ဘိုးဘွားမိဘတို့၏ ချစ်ခင်ကြင် နာလှသော မေတ္တာတရား အရိပ်အောက်သို့ ရောက်ရှိနိုင်ကြပါစေ”ဟူ၍ ဆုမွန်ကောင်း တောင်းကြရ သည်။

 

ထိုသို့ပြုလုပ်ရန်အတွက် အချိန်တစ်လခွဲဝန်းကျင်ကြိုတင်၍ ဆုတောင်း စာရွတ်ဖတ်ပေးမည့် လူကြီး များကို ကြိုတင်ဖိတ်ကြားရကာ ပွဲတွင်းပါဝင်မည့်ပစ္စည်းများကို စုဆောင်းရခြင်း ၊ ရိုးရာဒုံးယိမ်း အက များကိုကြိုတင်လေ့ကျင့်ရခြင်းနှင့် ပွဲတော်သို့လာရောက်မည့် ဧည့်ပရိတ်သတ်များအား ကြိုတင်အသိ ပေးအကြောင်းကြားခြင်း၊ နေရာပြင်ဆင်ခြင်းစသည်တို့ကို ပွဲတော်ဦးဆောင်ကျင်းပမည့် လူငယ်လူ ရွယ်များက စီစဉ်ကြရသည်။

 

ထိုရိုးရာပစ္စည်းများကို ရိုးရာဆုတောင်းပေးရန် စောင့်ဆိုင်းနေသော ပွဲတော်စင်မြင့်နေရာရှိ နာယက များထံသို့ ကရင်လူငယ်များမှ ညီညီညာညာဖြင့် သွားရောက်ပို့ဆောင်ကာ ပွဲတော်ကို စတင်ရခြင်းဖြစ် သည်။

 

ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲကို ကရင်ပြည်နယ် ၊ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည် နယ်၊ တနင်္သာရီတိုင်းစသော ဒေသများ၌ ပြည်တွင်းဌာနေ ကရင်တိုင်းရင်းသားများ နေထိုင်သော မြို့နယ်ကျေးရွာများတွင် ကျင်းပပြုလုပ်ကြသည်။

 

သို့သော် စစ်အာဏာသိမ်းမှု၊ စစ်အာဏာရှင်များ၏ မတရားဖမ်းဆီးနှိပ်စက်မှုများကြောင့် စစ်ကောင်စီ ထိန်းချုပ်သော ဒေသများတွင်မူ ရိုးရာချည်ဖြူမင်္ဂလာပွဲ အတွက် လူငယ်အမျိုးသားပါဝင်မှုလျော့ကျ သည့် အခြေအနေနှင့် ရင်ဆိုင်ရကာ လူလတ်ပိုင်း အမျိုးသားများကို အစားထိုးလုပ်ဆောင်ခဲ့ရသည်ဟု သိရသည်။

 

စစ်အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ်အတွင်းကလည်း ကိုဗစ်-၁၉ ကပ်ရောဂါကန့်သတ်ချက်များကြောင့် ပွဲတော်ကျင်းပပြုလုပ်မှုအပေါ် ယာယီရပ်နားခဲ့ရသည်။

 

စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် မှစ၍ ယခု ၂၀၂၄ ခုနှစ် အချိန်အထိ ၃ နှစ်တာ ကလအတွင်းမူ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ များမှ အကြောင်းမဲ့ကန့်သတ်ချက်များကြောင့်လည်း အချို့နေရာများတွင် ကျင်းပနိုင်ခြင်းမရှိပေ။

 

“အခုလိုရိုးရာယဉ်ကျေးမှုအတွက်အမွေဆက်ခံဖို့လူငယ်လေးတွေမြင့်တင်ပေးနေတာဟိုအရင်တဲကပေါ့။ အခုစစ်မှုထမ်းဥပဒေတွေထွက်ကုန်တော့ လူငယ်အမျိုးသားတွေပါဝင်မှုဆုံးရှုံးရတယ်ပေါ့နော်။ လူငယ်တွေဦးဆောင်ရမှာကို လူကြီးတွေကပဲမဖြစ်မနေဝင်ပါနေရသလိုဖြစ်နေတယ်။ ဒီစစ်အာဏာ ရှင်စနစ်ချုပ်ငြိမ်းမှပဲ တန်းတူအခွင့်အရေးတွေရလာနိုင်တော့မယ်” ဟု ပုသိမ်မြို့နယ်ကရင် တိုင်းရင်း သားရေးရာ စာပေနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်ဦးဆောင်သူ အသက် ၂၈ နှစ် အရွယ် စောဒီဘိုးက ပြောကြားသည်။

 

ထို့အပြင် စစ်ကောင်စီထိန်းချုပ်ရာဒေသများ၌ ပွဲတော်ကျင်းပနိုင်ရန် တိုင်းရင်းသားယဉ် ကျေးမှုအဖွဲ့ များက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ တစ်လကြိုတင်၍ စာဖြင့်တင်ပြရပြီး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် တင်ပြစာကို မြို့နယ်စစ်ကောင်စီရုံး၏ ခွင့်ပြုချက်ပေးအပ်မှသာ ပြုလုပ်ခွင့်ရရှိခြင်းဖြစ်သည်။

 

ထိုသို့ ခွင့်ပြုချက်ရရှိရန်အတွက် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များနှင့် မြို့နယ်စစ်ကောင် စီရုံး တို့မှ သိန်းချီလာဘ်ယူကာ ခွင့်ပြုပေးခြင်းဖြစ်ပြီး ငွေကြေးပေးဆောင်နိုင်ခြင်းမရှိပါက အချိန်ကန့် သတ်ပစ်ခြင်း၊ ပိတ်ပင်ခြင်းတို့ လုပ်ဆောင်ကြကြောင်း သိရသည်။

ရိုးရာပွဲတော်ကို ခွင့်ပြုချက်မတင်ပဲ ပြုလုပ်သည်ကိုတွေ့ရှိပါက အကြောင်းမဲ့ရန်ရှာခြိမ်းခြောက်မှု အပြင် တရားစွဲခြင်း၊ ဒဏ်ငွေအမြောက်အမြားတောင်းခံခြင်းတို့ လုပ်ဆောင်တတ်ကြောင်း ပွဲတော် ကျင်းပသူများထံက သိရသည်။

 

“လက်ချည်ပွဲဆိုတာ တို့ကရင်တိုင်းရင်းသားတွေ တချိန်မှာပြန်ဆုံဖို့ပြန်သတိရဖို့ လုပ်ကြရတဲ့ရိုးရာပွဲ ၊ ဓလေ့ပွဲပါ။ ပွဲကျင်းပဖို့ကို အကတွေ တိုက်ရတာ တစ်လခွဲလောက်ကြာတယ် ။အဲ့ဒီလိုပွဲလေးကျင်းပဖို့ ကို ခွင့်ပြုအမိန့်တွေ တင်ရတာကော အဆင်မပြေဘူးပေါ့။ ရိုးရာယဉ်ကျေးမှုအရလုပ်တာလေ။အခုက ဒါလုပ်ဖို့အတွက် ငွေပေးမှ လုပ်ခွင့်ရမယ်ဆိုတော့ရိုးရာ ယဉ်ကျေးမှုကိုငွေဖျက်ဆီးနေသလိုဖြစ်နေ တယ်” ဟု ပဲခူးမြို့နယ် ညောင်အင်းကျေးရွာ ရှိ ကရင်တိုင်းရင်းသားရေးရာ စာပေနှင့်ယဉ်ကျေးမှု အသင်းဗဟိုကော်မတီဝင် မန်းနယ်လ်နန္ဒာ က ပြောဆိုသည်။

 

ထို့အပြင် ချည်ဖြူဖွဲ့မင်္ဂလာပွဲအတွက်အဓိကပါဝင် ပစ္စည်း(၅)မျိုးမှာ အတိအကျရရှိရန်အတွက်လည်း အရေးကြီးပြန်သည်။ အထူးသဖြင့် နတ်ပန်းညို မှာ တောတောင်ရိုးမအတွင်း၌ ထပ်ဆင့်ပေါက်သော ပန်းဖြစ်သည်။

 

အဆိုပါ ပန်းပင်အမျိုးအစားမှာ ပဲခူးရိုးမ၊ ကုလားမတောင်တန်းနေရာအနီးတဝိုက်နှင့် သံတောင်ကြီး အနီးတဝိုက်တွင်သာရရှိသည်။

 

နတ်ပန်းညိုပေါက်ရောက်သည့် ဒေသများအနက်မှ ပဲခူးရိုးမနှင့် ကုလားမ တောင်တန်းနေရာတို့၌ စစ် ကောင်စီတပ်နှင့်တော်လှန်ရေးအင်အားစုဖွဲ့ကြား ကာလ ရှည် ကြာ တိုက်ပွဲဖြစ်နေ၍ သွားရောက် ရန် အခက်အခဲဖြစ်နေသည်။

 

ထို့အတူ ပွဲအတွက်လိုအပ်သော ငှက်ပျောသီး၊ ကောက်ညှင်းထုပ်၊ ထမင်းဆုပ်၊ နတ်ပန်းညို၊ ချည်ဖြူ၊ ရေနှင့် ကြံပိုင်း စသည့် ပစ္စည်းများကို ဝယ်ယူရာ၌ အခြေခံကုန်ဈေးနှုန်းမြင့်တက်နေမှု၊ ဒေသတွင်း စစ်ရေး ပဋိပက္ခများ ကာလရှည်ဖြစ်ပွားနေမှုနှင့် စစ်ကောင်စီတပ်မှ လမ်းပန်းဆက်သွယ်ရေး ဖြတ် တောက်ကာ စစ်ဆေးရေးတင်းကျပ်ထားမှုတို့ကြောင့် အလွယ်တကူ ဝယ်ယူ၍ မရပေ။

 

ငှက်ပျောသီး တစ်ဖီးလျှင် ယခင်ငွေ ၃၀၀၀ ကျပ်မှ ယခုတွင်ငွေ ၅၀၀၀ ကျပ် အထိဖြစ်နေသည်။ထို့အ တူ ကောက်ညှင်းဆန်တစ်ပြည်လျှင် ယခင် ငွေ ၁၀၀၀ ကျပ်မှ ယခု ငွေ ၄၅၀၀ ကျပ်အထိ၊ ကြံ တစ် စည်းလျှင် ယခင် ငွေ ၃၀၀၀ ကျပ်ရှိခဲ့ရာ ယခု ငွေ ၁၀၀၀၀ ကျပ်ခန့်အထိ ဈေးကြီးပေး ဝယ်နေရပြန် သည်။

 

ပွဲတော်အတွက် ပါဝင်ရမည့် ပစ္စည်းများ ရရှိရန် အခက်အခဲများကြုံတွေ့နေရသော်လည်း မိမိတို့ ရိုးရာ မပျောက်ပျက်စေသော ဆန္ဒဖြင့် အဆင်ပြေသလို ပွဲတော်ကို မဖြစ်မနေကျင်းပ ကြရသည်။

 

ပွဲတော်ကျင်းပနိုင်ရေး ကြိုးပမ်းရာတွင် စစ်ရေးပဋိပက္ခဖြစ်ပွားနေသော ပဲခူးတိုင်း(တောင်ပိုင်း) နေရာ တို့ ၌ ချည်ဖြုဖွဲ့ပွဲအတွက် လိုအပ်သောပစ္စည်းများ အလွယ်တကူ ဝယ်ယူခွင့်မရရှိတော့ပေ။

 

စစ်ရေးပဋိပက္ခများဖြစ်ွားနေသော ပဲခူးတိုင်း(တောင်ပိုင်း)ရှိ ဒေသခံကရင်လူမျိုးများမှာမူ ရိုးရာ ချည် ဖြူဖွဲ့ မင်္ဂလာပွဲကျင်းပကို နေရပ်စွန့်ခွာနေကြရသည့်ကြားမှ အဆင်ပြေသလို ကျင်းပနေကြရသည်။

 

“လက်ချည်ပွဲလုပ်ဖို့ ဟိုအရင်ကဆိုရင် ငှက်ပျောသီးဆိုတာက အိမ်တိုင်းမှာ ပေါမှပေါပဲ။ အခုက တိုက် ပွဲ ဖြစ်တာ၊ စစ်တပ်က လေယာဉ်တွေ ရဟတ်ယာဉ်တွေနဲ့ လာပစ်တာ၊ လက်နက်ကြီးတွေနဲ့ လှမ်းပစ် တာတွေ လုပ်တော့ ရှောင်တိမ်းနေကြရတာ။ အဲလိုဆိုတော့ ရဖို့က မလွယ်ကူတော့ဘူး။ လက်ချည်ပွဲ အတွက် ကိုယ်အဆင်ပြေ သလို လုပ်နေကြရတာ ၃ နှစ်လောက်ရှိနေပြီ။ တချိန်ကျရင်တော့ လွတ် လွတ် လပ်လပ်နဲ့ မိသားစုစုံလင် ပါဝင်ဖို့မျှော်လင့်မိပါတယ်” ဟု မုန်းမြို့နေ အသက် ၂၈ နှစ်အရွယ် နော်အယ်ထားက ပြောဆိုသည်။

 

ကရင်ပြည်နယ်- ထိုင်း နယ်စပ်ဒေသရှိ လွတ်မြောက် နေရာတို့တွင်လည်း တော်လှန်ရေးတပ်ဖွဲ့ ဝင် များ၊ စစ်ဘေးရှောင်နေရသူများကလည်း ချည်ဖြူဖွဲ့မင်္ဂလာပွဲကို နှစ်စဉ်မပျက် ကျင်းပ ပြုလုပ်ကြပြီး ထိုသို့ကျင်းပပြုလုပ်ရာတွင် မိသားစုအစုံအလင်ဖြင့် မကျင်းပနိုင်သည့် မိသားစုဝင်များ ရှိကြောင်း သိရသည်။

 

“ကျွန်တော်တို့ အရင်က ချည်ဖြူဖွဲ့မင်္ဂလာပွဲပြုလုပ်ပြီဆိုရင် မိသားစုတွေ တသိုက်တဝန်းနဲ့ပါဝင်ကြ တာပေါ့။ အခု စစ်ကောင်စီက အာဏာသိမ်းတာနဲ့ ကိုဗစ်ကူးစက်ခံရတာနဲ့ မိသားစုတွေထဲက သေတဲ့ သူက သေ၊ စစ်ဖြစ်တော့ ကွဲသွားတဲ့သူက ကွဲနဲ့။ တချို့မိသားစုတွေဆိုရင် အစုံအလင်မပါဝင်နိုင်ကြ တော့ဘူး” ဟု အသက် (၂၆) နှစ်အရွယ်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ စောဒီးဒေး က ပြော ကြားသည်။

 

ထို့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသမှုကြောင့် နေအိမ်ချိတ်ပိတ်ခံရကာ နိုင်ငံရေးပုဒ်မများ စွာဖြင့် တရားစွဲဆိုခံရ၍ အိမ်နီးချင်းနိုင်ငံဖြစ်သောထိုင်းနိုင်ငံမဲဆောက်မြို့သို့ တရားမဝင်ထွက်ပြေး တိမ်းရှောင်ခဲ့ရသော ဌာနေ ကရင်တိုင်းရင်းသား အချို့မှာလည်း ချည်ဖြူဖွဲ့မင်္ဂလာပွဲအတွက် ထိုင်း အာဏာပိုင်များ၏ ဖမ်းဆီးနေသည့်ကြားမှ ကျင်းပပြုလုပ်နေကြရသည်။

 

ထိုင်းရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးဝန်များ၏ အထောက်အထားမဲ့အဖြစ် သတ်မှတ်ကာ စစ်ဆေး ခံရမည်ကို သိရှိသော်လည်း ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းလိုသည့် ကရင်တိုင်းရင်းသား မိသားစုများမှာ ရိုးရာလက်ချည်ဖြူမင်္ဂလာပွဲသို့ အခက်အခဲကြားမှ အောင်မြင်စွာ ကျင်းပလျက်ရှိကြ သည်။

 

“ကလေးက ဒီနှစ်မှ တစ်နှစ်ပြည့်တာဆိုတော့ မဖြစ်မနေသွားလုပ်တာ။ အရင်နှစ်ကမိန်းမက ကိုယ် ဝန်နဲ့ဆိုတော့ မသွားဖြစ်ဘူး။ ဒီနှစ်ကတော့ မိန်းမကော ကလေးအတွက် ကောင်းချီးရစေချင်တာ လည်း ပါတယ်ပေါ့။ ပွဲကနေ ဆိုင်ကယ်နဲ့ပြန်တာဆိုတော့ ထိုင်းရဲဖမ်းတာ ခံလိုက်ရတယ်။ ကလေးပါ တော့ မိန်းမနဲ့ကလေးကို ပြန်လွှတ်ပေးပြီး ကျွန်တော့်ကိုငွေညစ်တော့တာပဲ။ ထိုင်းမှာလည်း မြန်မာ နိုင်ငံမှာလိုပဲ ရဲတွေ လဝကတွေ ဖမ်းဆီးတာ လုပ်တာက အရင်ထက် ပိုဆိုးလာတယ်။ ကျွန်တော်ဆို ၂၀၂၂ ခုနှစ်ဇန်နဝါရီလ လောက်ထဲကဆန္ပြလို့လေးကေ့ကော်ကိုသွားရှောင်ရတာ။ အဲ့မှာတိုက်ပွဲ ဖြစ် တော့ မိသားစုတွေကွဲသွားတယ်ပေါ့။ မိဘတွေက တဖက်ကမ်း အခုသောင်းရင်မြစ်ကမ်းဘေးမှာ စစ် ရှောင်စခန်းမှာ နေနေရတုန်းပဲ။ ”ဟု မဲဆောက်မြို့ရောက် ဘားအံမြို့ခံလူငယ်တစ်ဦးဖြစ်သည့် စော အဲထူးက မြန်မာပြည်ဘက်သို့ ငေးကြည့်ရင်းပြောပြသည်။

 

စောအယ်ထူးနည်းတူ ထိုင်းနိုင်ငံအတွင်းသို့ နိုင်ငံရေးအခြေအနေအရ အကြောင်းအမျိုးမျိုးကြောင့် တရားမဝင် ရောက်ရှိနေသော ဌာနေ ကရင်တိုင်းရင်းသားများမှာ လက်ချည်ဖွဲ့မင်္ဂလာပွဲကို ထိုင်း အာ ဏာပိုင်များ၏ ဖမ်းဆီးနေသည့်ကြားမှ ချည်ဖြူမင်္ဂလာပွဲကို ကျင်းပနေကြသလို မြန်မာပြည်တွင်းနေ ကရင်တိုင်းရင်းသားများမှာ စစ်ကောင်စီ၏ ဖိနှိပ်မှုမျိုးစုံကြားမှာ ကျင်းပပြုလုပ်နေကြသည်။

 

ထို့ကြောင့် ချည်ဖြူမင်္ဂလာပွဲကို လွတ်လွတ်လပ်လပ် ကျင်းပနိုင်ရန် စစ်အာဏာရှင် မြန်မြန် နိဂုံးချုပ် အဆုံးသတ်ကာ ငြိမ်းချမ်းသာယာသော အခြေအနေအမြန်ရောက်ရှိရေးကို မျှော်လင့်တောင့်တ လျက် ရှိနေကြကြောင်း။

Photo – စောဇင်မောင် (ဩဂုတ်လ ၁၅ ရက်နေ့က ထိုင်းနိုင်ငံမဲဆောက်မြို့တွင် ပြုလုပ်ခဲ့သော ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲ တစ်ခုကို တွေ့ရစဉ်) ။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *