ကဗျာ ကဏ္ဍ “ပြောင်းလှည့်ချိန်”
ပျိုးကြဲလက်
ပါတီထောင်ငြား ၊ အချောင်စားလျှက်
တိုင်းသားပြည်သူ ၊ ဗိုလ်ကျမူ၍
ပြည်သူကမုန်း ၊ မဲကရှုံးသော်
ယူကျုံးမရ ၊ တသသဖြင့်
အဘအဘ ၊ ကိုယ်စီထကာ
မဲမသမာ ၊ ပြည့်အာဏာကို
ထိန်းပါသိမ်းပါ ၊ စံမြန်းပါဟု
မြှောက်ကာပင့်ကာ ၊ ပူးပေါင်းကာဖြင့်
ယုတ်မာပါဘိ ၊ ယုတ်မာဘိ ။
အရူးဗုံမြှောက် ၊ ချေးခြောက်ကောက်စား
လောက်ကောင်အလား ၊ လူ့ငနွားက
တိုင်းသားပြည်သူ ၊ သောကထူ၍
လူမှုဒုက္ခ ၊ ကိုယ်စီရလျှက်
သေကြပါလေ ၊ မည်မျှသေစေ
ငတေမာက ၊ နေသာစွ ။
အချောင်ရလာ ၊ ပြည့်အာဏာကို
တဏှာရမ္မက် ၊ လောဘစွက်၍
အဘက်ဘက်က ၊ ချွတ်ခြုံကျသော်
ထကြွတော်လှန် ၊ ကြုံးဝါးသံက
တန်ပြန်တိုက်စစ် ၊ ချွတ်ချော်လှစ်ပြီ
လူညစ်ဗာလ ၊ ရှုံးနိမ့်စ ။
ဆန်ကုန်မြေလေး ၊ ဘဝပေးတွင်
ပြေးရန်နေရာ ၊ မြေနည်းရှာ၍
တဏှာစွဲမြဲ ၊ လူ့ငနဲက
သေလည်းမထူး ၊ နေမထူးသည့်
ရာထူးကာချုပ် ၊ ဝန်ကြီးချုပ်နှင့်
လူရှုပ်မဝ ၊ သမ္မတဟု
မရမက ၊ လုပ်ဇာတ်ပြလျှက်
လောဘကြီးဘိ ၊ မိုက်မဲ၏ ။
တိုင်းသားပြည်သူ ၊ ထိုထိုလူတို့
အေးတူပူမျှ ၊ မနေရဘဲ
ဖမ်းကြဆီးကြ ၊ သတ်ဖြတ်ကြသော်
သေရပြန်သည် ၊ ဇာတ်ရည်လည်က
ပစ်မည်ခတ်မည် ၊ မီးရှို့မည်ဟု
အော်မြည်ကြုံးဝါး ၊ခြောက်လှန့်ထားသည့်
တရားခံကား ၊ စစ်ခွေးများ ။
သေရဲပါစ ၊ ထွက်ခဲ့ကြစမ်း
ထ၍စိန်ခေါ် ၊ တကယ်ဆော်၍
တော်ပါတော့ကွာ ၊ တော်ပါ့ကွာဟု
နောင်ခါချော့မြှောက် ၊ ရန်ကိုကြောက်ဘိ
အောက်ခြေတပ်သား ၊ ရဲမက်များက
အားစိုက်ရုန်းကန် ၊ သစ္စာခံလည်း
ငတ်ပြန်တလီ ၊ ပြတ်သည့်ကျည်နှင့်
သေပြီတလှည့် ၊ ဘဝမမဲ့ကာ
ကူမဲ့ကယ်မဲ့ ၊ အခြေမဲ့ ။
ဟန်ဆောင်လိမ်လည် ၊ ပြည်ချစ်သည်ဟု
ပါတီခေါင်းဆောင် ၊ စစ်ခေါင်းဆောင်နှင့်
ယောင်ခြောက်ဆယ်များ ၊ လော်လည်ထား၍
လုပ်အားဝေစီ ၊ တိုင်းရွှေပြည်၏
ညီညာဖြဖြ ၊ သူ့အလှလည်း
သောကဖိစီး ၊ ဒေါသမီးနှင့်
မြို့ကြီးရွာကြီး ၊ မီးခပြီ ။
အာဏာရှင်ယုတ် ၊ အမြစ်ဖြုတ်ချိန်
အားထုတ်ကြရန် ၊ စစ်ကျွန်ခံသည့်
လူမှန်ရိုးသား ၊ ညီနောင်ဖွားတို့
စွန့်စားချိန်တန် ၊ အမြင်မှန်က
ဧကန်ပြောင်းလှည့် ၊ ကူညီလှည့် ။
အတွင်းကစည်း ၊ အပြင်စည်းနှင့်
စည်းမှန်သမျှ ၊ ဖောက်ဖျက်ကြ၍
ပူးကြပေါင်းကြ ၊ မောင်းထုတ်ကြလျှင်
အာဏာ့ရှင်မိုက် ၊ မျက်ဖြူဆိုက်မည်
တိုက်ကြခိုက်ကြ ၊ ချေမှုန်းကြလော့
ပူးကြပေါင်းကြ ၊ မောင်းထုတ်ကြလော့။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက် ည ၈ နာရီ ၃၃ မိနစ်
D Day News