ပုဂ္ဂိုလ်ရေး၊ အာဏာနှင့် အုပ်စုတွင်း အားပြိုင်မှုများသည် သမိုင်းဖြစ်ရပ်ဆိုးများကိုဖန်တီးခဲ့ဟု နိုင်ငံ တော်ယာယီသမ္မတ ဒူဝါလရှီးလ သတိပေး (ရုပ်သံ)
D Day News
ဇူလိုင်လ ၁၉
ပုဂ္ဂိုလ်ရေးအားပြိုင်မှုတွေ၊ အာဏာလွန်ဆွဲ အားပြိုင်မှုတွေနဲ့ အုပ်စုတွင်း အားပြိုင်မှုတွေဟာ သမိုင်း ဖြစ်ရပ်ဆိုးတွေကို ဖန်တီးခဲ့ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက သတိပေး ပြောကြားသည်။
ယနေ့ ကျရောက်သော ၇၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမိန့်ခွန်း၌ အမျိုးသားညီညွတ်ရေး အစိုးရ၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်နဲ့ လွတ်လပ်ရေးရယူနိုင်ခဲ့တဲ့ ၁၉၄၈ ခုနှစ်၊ ကြားကာလမှာ တိုင်း ပြည်ရဲ့ အာဇာနည် (၉) ဦးက လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်ဆိုတာ မေ့လို့ မရဘူးလို့ ထင်ပါတယ်။ နိုင်ငံကို လွတ်လပ်ရေးရဖို့ တိုင်းပြည်ကို တည်ဆောက်ဖို့ ကြိုးစားတဲ့နေရာမှာ ပုဂ္ဂိုလ်ရေးအားပြိုင် မှုတွေ၊ အာဏာလွန်ဆွဲ အားပြိုင်မှုတွေနဲ့ အုပ်စုတွင်း အားပြိုင်မှုတွေဟာ သမိုင်းဖြစ်ရပ်ဆိုးတွေကို ဖန်တီးခဲ့ကြတယ်ဆိုတာ သင်ခန်းစာ ယူကြဖို့ လိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ အာဇာနည်ခေါင်း ဆောင်ကြီးတွေကို အလေးအမြတ် ပြုဖို့ လိုသလို၊ အာဇာနည်ခေါင်းဆောင်ကြီးတွေ မျှော်မှန်းခဲ့တဲ့ အနာဂတ်နိုင်ငံသစ်အတွေးအခေါ်တွေကိုလည်း လေ့လာသင်ယူကြဖို့ အရေးကြီးပါတယ်။” ဟု နိုင်ငံ တော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြာသးည်။
ခေတ်အဆက်ဆက် လူထုတော်လှန်ရေးများတွင် လူထုဘက်ကနေ ပြတ်ပြတ်သားသား ရပ်တည်ပြီး ကိုယ်ကျိုးစွန့်ခဲ့သည့် အာဇာနည်သူရဲကောင်း အမြောက်အမြား ရှိခဲ့ကြောင်း၊ ယခု နွေဦးတော်လှန် ရေး အတွင်း၌လည်း လူငယ် လူရွယ်များထဲတွင် တိုင်းပြည်နှင့် လူထုအတွက် ကိုယ်ကျိုးစွန့်ခဲ့သည့် အာဇာနည် သူရဲကောင်း အမြောက်အမြား ရှိကြာင်း သိရသည်။
“ကျွန်တော်တို့ဟာ ဒီနေ့ ကျင်းပပြုလုပ်တဲ့ အာဇာနည်နေ့ အခမ်းအနားမှာ အတိတ်သမိုင်းနဲ့ လက်ရှိ ပစ္စုပ္ပန်ကာလအတွင်းက အာဇာနည် သူရဲကောင်း အားလုံးကို တစ်ပေါင်းတစ်စည်းတည်း အလေးအမြတ်ပြု ဦးညွှတ်ကြဖို့ ဖြစ်ပါတယ်။ ယနေ့ ကျရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားမှာ၊ ကျွန်တော်တို့ဟာ ကျဆုံးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ကျေးဇူးတရားကို အောက်မေ့ သတိရပြီး၊ အာဇာနည်ခေါင်းဆောင်ကြီးတွေ မျှော်မှန်းခဲ့တဲ့ တိုင်းပြည်သစ်နဲ့ နိုင်ငံသစ်ကို အောင်မြင် အောင် တည်ဆောက်နိုင်ကြဖို့ ခွန်အားယူရမှာ ဖြစ်ပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီး လ ကပြောဆိုသည်။
နိုင်ငံအနာဂတ်တွင် စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းပပျောက်သည့် နိုင်ငံသစ်တစ်ခု မုချဖြစ်ရမည်ဟု ယုံ ကြည်ကြောင်း၊ ထို့အပြင် တိုင်းပြည်နှင့်လူထုသည် ပို၍ လွတ်လပ်သော၊ ပို၍ ငြိမ်းချမ်းသော၊ ပို၍ ဖွံ့ဖြိုးသော နိုင်ငံသစ်တွင် နေထိုင်ရှင်သန်စေရန် အစဉ်တစိုက်ကြိုးစားရမည်ဖြစ်ကြောင်း၊ ပိုမို ကောင်းမွန်သော အနာဂတ်နှင့် ပို၍ လွတ်လပ်သော လူ့အဖွဲ့အစည်းဖြစ်စေရန် အားလုံးဝိုင်းဝိုင်းဝန်း တည်ဆောက်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတက တိုက်တွန်းထားသည်။
D Day News