ကဗျာ ကဏ္ဍ “အညာ့မြေခံ ဗီဇမှန်”
ပျိုးကြဲလက်
အညာနွေနေ့ ၊ ပူပါလေ့စေ။
အညာမိုးမည်း ၊ ထစ်ချုန်းသည်းစေ။
အညာဆောင်းည ၊ ချမ်းအေးလှစေ။
နွေမိုးဆောင်းလ ၊ သန္ဓေခ၍
ဘဝပေါက်ဖွား ၊ အညာသားတို့
စိတ်ထားဖြောင့်မှန် ၊ လုံ့လသန်၏ ။
မီးပြင်းတလှည့် ၊ ရေတလှည့်ဖြင့်
အလှည့်ကျပေး ၊ ထုရိုက်ဆေး၍
မာသေးသပါ့ ၊ ဓားကောင်းရသို့
လောကတစ်ခွင် ၊ အလှဆင်ရန်
ဂုဏ်အင်မော်ကြွား ၊ အညာသားတို့
မွေးဖွားသန့်စင် ၊ အမိရင်ဝယ်
ခိုဝင်ဘဝ ၊ စခဲ့ကြ၏ ။
ကပ်ရောဂါဘေး ၊ ကျပြန်သေးလည်း
မတွေးမကြောက် ၊ ရှေ့ဆုံးရောက်၏ ။
ငတ်မွတ်ခေါင်းပါး ၊ ရှိန်ပြန်ငြားက
တတ်အားသမျှ ၊ ပေးဝေငှ၏ ။
ယမ်းငွေ့ဝေဝေ ၊ ပြည်မှုပွေလည်း
မတွေဝေပဲ ၊ စွန့်လွှတ်ဆဲတည့် ။
နွေရက်ကြမ်းကြမ်း ၊ ဆောင်းမှာချမ်း၍
ကမ်းလုံးပြည့်လျှံ ၊ မိုးရွာပြန်လည်း
အလံမလှဲ ၊ အညာ့ဇွဲဖြင့်
ထူဆဲထောင်ဆဲ ၊ ပြည်တည်မြဲတည့် ။
လောကငရဲ ၊ လောင်မြိုက်ဆဲပင်
ချစ်မြဲခင်မြဲ ၊ ရိုင်းပင်းမြဲဘိ
ညီဆဲမြို့ရွာ ၊ ရွှေအညာက
ဘယ်ခါကျဆုံး ၊ သုဉ်းမည်နည်း ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ည ၁၁ နာရီ ၉ မိနစ်
D Day News