ကဗျာ ကဏ္ဍ “အညာစိတ်ဓာတ်”
ပျိုးကြဲလက်
ဓနဥစ္စာ ၊ မိတ်သဟာနှင့်
သူ့မှာလက်နက် ၊ အစွမ်းထက်၍
တပ်ထွက်လူစုတ် ၊ စစ်ဗိုလ်ယုတ်တို့
စိတ်ယုတ်မာလောင်း ၊ မြို့ရွာပေါင်းကို
ထောင်းထောင်းလဲကြေ ၊ ဖျက်လေပြီ ။
ရုတ်ခြည်းဧကန် ၊ လက်တုန့်ပြန်ပေ့
လူမှန်ရိုးသား ၊ အညာသားတို့
အင်အားစုစည်း ၊ ပြည့်ရန်မီးကို
ထပြီးတော်လှန် ၊ အမြောက်ဆန်နှင့်
တန်ပြန်စစ်ထိုး ၊ လုံ့လကိုးသော်
သူခိုးကြမ်းပိုး ၊ သူပုန်မျိုးက
ပိုးစိုးပက်စက် ၊ အသက်ထွက်၏ ။
အညာမြေဖွား ၊ အညာသားတို့
စိတ်အားထက်သန် ၊ ညီညာဟန်က
ခုခံမိုင်းဆွဲ ၊ တိုက်ခိုက်ဆဲ၌
ဆိုးမြဲမိုက်မြဲ ၊ မီးရှို့မြဲနှင့်
တိုက်မြဲဓားပြ ၊ သေရွာကျသော်
ဟေးကနဲအော် ၊ လူထုပျော်သည်
တိုင်းကျော်ပြည်ကျော် ၊ ကမ္ဘာကျော်၏ ။
မုဒိမ်းလူသတ် ၊ ရိက္ခာပြတ်လျှက်
စိတ်ဓာတ်လဲပြို ၊ မသာပိုလည်း
စိတ်လိုရာလိုက် ၊ ခွေးထက်မိုက်က
သေလိုက်ကြစမ်း ၊ သေကြစမ်းဟု
ယောင်ယမ်းမိငြား ၊ မသနားဘဲ
အများပြည်သူ ၊ နာကျည်းမူ၍
သေတူရှင်ဘက် ၊ မိတ်ဆွေပျက်၏ ။
တော်လှန်ဖောင်စီး ၊ ဤခရီး၌
စစ်မီးမြန်စွာ ၊ ငြိမ်းသတ်ရာဝယ်
အညာစိတ်ထား ၊ အညာသားသို့
တရားလည်းဖက် ၊ ဓားလည်းထက်လော့ ။
သတ္တိလည်းမွေး ၊ ဓားလည်းသွေးလော့ ။
လုံ့လလည်းခဲ ၊ ဓားလည်းဆွဲလော့ ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၂ ခုနှစ်၊ မေလ ၁၆ ရက် ည ၁၀ နာရီ ၄ မိနစ်
D Day News