ကဗျာ ကဏ္ဍ “မအလ အလှူတော်”
ပျိုးကြဲလက်
ကြက်မတွန်လို့ မိုးမလင်းနိုင်ပါဘု
အလင်းရဖို့ အတင်းအဓမ္မဆိုချင်ဆိုစေတော့
အလိုတော်ဖြည့်မယ့် ရဲမက်တပုံတပင်နဲ့
နယ်စုံတခွင် ပြည့်အာဏာကိန်းအောင်ပ
ထိန်းသိမ်းရာ အကြမ်းဖက်သူပုန်တွေက
လမ်းမအကုန် လူထုသပိတ်ပွဲတွေနဲ့
ဆင်နွှဲကာ စိန်ခေါ်မြဲပေမို့
ဆဲရေးတိုင်းထွာ ကျည်ပစ်ခွင်းတာဖြင့်
သွေးခြင်းခြင်း နီသကို ။
အာဏာဆိုသကာလို ချိုသလားရယ်လို့
ကညာပျိုဇရာအိုသံဃာကို ဗိုလ်မထားပါဘု
ငါ့မယားငါ့သားငါ့သမီး အထွေထွေနဲ့
ငါ့အဆွေငါ့အမျိုး အကျိုးရယ်ရှိစေတော့
တွေးကြည့်လျှင် ဘာမဆိုလုပ်ရဲလိုက်ပါဘိ
ပီတိလှိုက်ဖို ။
စစ်မျက်နှာ ဖြန့်ကျက်ကာတိုက်တာဖြင့်
အလစ်အငိုက်မှာ အမှည့်ခြွေခြွေခံထိပြီမို့
နေစရာအတိ မြေလွှာကကျပ်လှပါဘိ
တပ်အပေါင်းကို ချုံ့ခင်းထားပြန်တော့
အပ်ချလောင်းဆို မုန့်ဟင်းခါးဖြစ်ပြန်ပေါ့
စစ်သား အရင်းအမြစ်ကပြို
ရလိုရာသာ စိတ်မှာစွဲ
ငါ့ကိုယ်ငါသာ ကြိတ်ကာဆဲ ။
ဝေဿန္တရာထုံး နှလုံးမူသလိုပ
နွေကန္တရာလုံး အရှုံးထူတာက
မိုးအလှူဆောင်းအလှူ တမူထူးပါဘိ
လူရူးရဲ့အလှူတော် ခဲယမ်းမီးကျောက်ဗုံးအမြောက်မချန်ပါဘု
တပ်စခန်းမကျန်မြို့ပြပါ အကုန်ပေးတာဖြင့်
လေးကျွန်းတမြင်းမိုရ် အလှူစံချိန်တိုးပြန်ပေါ့
အလိုကွယ်…..
ကိုးဆယ်ဆကဲ ။ ။
ပျိုးကြဲလက်
ကဗျာ ရေးသားချိန် = ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက် နံနက် ၆ နာရီ ၃၂ မိနစ်
D Day News