နောင်ချို၊ ကျောက်မဲနှင့်မိုးကုတ်မြို့နယ်တို့တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ အတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရကာ နေအိမ်များ ပျက်စီး
D Day News
ဇွန်လ ၂၅
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချို၊ ကျောက်မဲနှင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တို့တွင်TNLA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြား ရေးဌာနထံမှ သိရသည်။
ယနေ့ ဇွန်လ ၂၅ ရက် နံနက် ၅ နာရီ မိနစ် ၃၀ အချိန်တွင် တအာင်းပြည် တပ်မဟာ(၂)စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် မိုးကုတ်မြို့နယ်တိုတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် (PSLF/TNLA) တပ်ဖွဲ့တို့ ၁၀၂၇ စစ်ဆင်ရေး အဆက် တိုက်ပွဲစတင်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲစတင်ပြီးနောက် နံနက် ၈ နာရီ မိနစ် ၃၀ အချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ကျောက်မဲမြို့တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အမှတ် ၈ ရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲပြီး အသက် ၄၂ နှစ်အရွယ် ကိုမျိုးဆိုသူ သေဆုံးကာ အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ရပ်ကွက်(၉)ရှိ အမျိုးသမီးတစ်ဦးလည်း ကျည်ဆံထိမှန်သေဆုံးခဲ့ပြီး ပန်ပေါင်းကျေးရွာတွင် အသက် (၁၄) နှစ်အရွယ် နန်းအွမ်ငင်းဆိုသူနှင့် နားအိုက်ခန့်ကျေးရွာရှိ ကြက်ခြံအစောင့် အမျိုးသား တစ်ဦးတို့ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုအပြင် တိုက်ပွဲဖြစ်ပွားနေသည့် မိုးကုတ်မြို့နယ်၊ နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်တိုတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ဒေသနေများ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
တိုက်ပွဲဖြစ်နေသည့် နောင်ချိုမြို့နယ် ၊ ကျောက်ကြမ်းရွာ၊ အုမ္မတီး၊ ခဲမွန်ရွာ၊ ကံ့ကော်ရွာနှင့် နောင်ချို မြို့အတွင်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ကြား တိုက်ပွဲဖြစ်ခဲ့ပြီး ယင်း တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter ဖြင့် (၄)ကြိမ် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ် ငြိမ်းချမ်းရေးကုန်း၊ စခန်းသာ၊ ခိုရောင်းရွာ၊ နားအိုက်ခန့်ရွာတွင် စစ်ကောင်စီ တပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ကြား တိုက်ပွဲဖြစ်ခဲ့ပြီး ယင်းတိုက်ပွဲအတွင်း စစ် ကောင်စီတပ်မှ Jet Fighter ဖြင့် (၂)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မိုးကုတ်မြို့နယ်၊ ရွာသာယာရွာ၊ ပန်းသပြေကျေးရွာ၊ ဖြူရောင်ရွာ၊ အမှိက်ပုံးနေရာ၊ ဒေါ်နန်းကြည် တောင်နှင့် ၆ မိုင် (မိုးကုတ်နှင့် ပိန်းပြစ်ရွာကြား) စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို တိုက်ပွဲဖြစ်ခဲ့ပြီး ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၅)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သီပေါမြိုနယ် ဆွန်လုံကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ကြား ယနေ့ ညနေ ၅ မိနစ် ၃၀ အချိန်တွင် တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။
ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် စစ် ကောင်စီတပ်နှင့် တအာင်းတပ်မတော် (PSLF/TNLA) တပ်ဖွဲတို့အကြား တိုက်ပွဲအတွင်း စစ်ကောင် စီတပ်မှ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးကာ ၃ ဦး ထိခိုက် ဒဏ်ရာရှိခဲ့ကြောင်း၊ ထိုပြင် စစ်ကောင်စီတပ်မှ ထောက်ပိုယာဉ် Mi17 ဖြင့် ၃ ကြိမ် စစ်မြေပြင်သို့ လက်နက်ခဲယမ်းများ လာရောက်ဖြည့်တင်းခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။
D Day News