ကဗျာကဏ္ဍ “ဖက်ဒရယ် အချစ်”
ပျိုးကြဲလက်
အဖေကြီးရေ ၊ တော့်သားတွေက
ကျုပ်မြေကျုပ်ယာ ၊ ကျုပ်တို့ရွာ၏
ကာကွယ်ပေးလတ် ၊ တပ်ဖွဲ့မြတ်မှာ
သေနတ်ကိုင်ဆွဲ ၊ ပုန်ကန်ဆဲတော့် ။
သမီးမမြိုင် ၊ ကွမ်းတောင်ကိုင်က
ရင်ဆိုင်တိုက်ပွဲ ၊ ကိုယ်တိုင်နွှဲမှ
အမြဲပျော်ရွှင် ၊ အားရချင်သည်
စာဝင်းအိပ်ပျော် ၊ ရှိသတော်ရေ့။
တော့်အိမ်တော့်ကျောင်း ၊ တော့်ခေါင်းလောင်းနှင့်
တော့်ကောင်းမှုများ၊ ရွာဘုရားမှာ
တရားသဘော ၊ ကိစ္စချော၍
ပြာတောထဲမှာ ၊ ပျောက်ရရှာပေါ့ ။
တော့်မယားကျုပ် ၊ ရရာလုပ်၍
ကြပ်ကြပ်စုပြန် ၊ ပုန်ကန်ဟန်နှင့်
တော်လှန်သရုပ် ၊ လက်သီးဆုပ်ကို
ကျုပ်လေတကယ် ၊ ပြချင်တယ်ရှင့် ။
တော်ကျဆုံးရာ ၊ ကုန်းတော်သာမှာ
သစ္စာပြုတုန်း ၊ ကျုပ်မှာပြုံးလျက်
လက်သုံးချောင်းထောင် ၊ ပြည့်ဂုဏ်ဆောင်ကို
ရာထောင်မက ၊ ဦးညွှတ်ရသည်
ဖက်ဒရယ်ခေါ် ၊ တော့်သည်းကျော်ကို
ကျုပ်ခေါ်ပေးမယ် ၊ ရစေ့မယ်ရှင့်
စိတ်ဝယ်သေချာ ၊ ယုံကြည်စွာနှင့်
လွတ်ရာကျွတ်ရာ ၊ သွားလိုရာကို
သွားပါဖေကြီး ၊ အဖေကြီးရေ့။
သံသရာကွေ့ ၊ ပြန်ဆုံတွေ့လျှင်
မမေ့စတမ်း ၊ ရွှေလက်ကမ်း၍
ဝှေ့ယမ်းကြိုမယ် ၊ ဖက်ဒရယ်ချစ်
မောင်မယ်သစ်မှာ ၊ ထပ်ချစ်ပါကွယ်
ချစ်ပါရှင်ရဲ့ ၊ နင်းလျှောက်တဲ့လမ်း
စံမယ့်နန်းတွေ ၊ နူးညံ့စေဟု
ဆုချွေအမျှ ၊ ပေးဝေငှသည်
အမျှရစေ ၊ ရပါစေတော့် ။ ။
ပျိုးကြဲလက်
ရေးသားချိန် = ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ည ၈ နာရီ မိနစ် ၅၀
D Day News