ကဗျာ ကဏ္ဍ “လမ်းပြကြယ်သို့ မွေးနေ့အလွန် ချစ်လက်ဆောင်”
ပျိုးကြဲလက်
ငါသာလျှင် ဘုရင်အထူးရယ်လို့
အာဏာရှင် ဘဝင်မရူးပါဘဲ
ပူးပေါင်းကာ စိတ်အခြေမပြောင်းခဲ့ရင်ဖြင့်
နေသောင်းထောင် အဟုတ်အမှောင်ခွင်းသလိုပ
ပြည်ခေါင်းဆောင် အချုပ်အနှောင်ကင်းပါဘိ
ဆောင်နှင်းစ ကဏ္ဍအစုံအညီနဲ့
အောင်ခြင်းခမယ့် မြန်မာပြည် ။
ရိုးဂုဏ်တွေ တကယ်ပင်ပျောက်အောင်ပ
ဓားထောက်ကာ အကွက်ဆင်ဖမ်းပေမယ့်
လူရမ်းကားနဲ့ မတရားဥပဒေသတွေက
ယခုဘဝအခြေ ဂုဏ်အသရေမကွယ်မညှိုးနိုင်ပေဘု
သူ့အဘအဖေ စုံသလေတကယ်အမျိုးရယ်နဲ့
ကိုယ်ကျိုးမဖက် ကျရာဝန်ကိုယ်စီရွက်တာဖြင့်
မျိုးဆက်နှင့်ချီ ။
နှစ်ခွန်နှစ်ဆယ့်ခြောက် မွေးနေ့မဟာမှာဖြင့်
စစ်ကျွန်သဘောက် ဘေးတွေ့သဟာမို့
အမိဇာနည် ညဏ်ရည်ထူးတာက
တစ်ဦးတည်းကောင်း
တစ်သောင်းဗိုလ်ခြေ ညက်ညက်ကြေအောင်ပ
သားသမီးအထွေထွေနဲ့ အောင်ပန်းတွေခြွေပြန်ပေါ့
သည်မြေမှာ ထာဝစဥ်မကြွေပန်းရယ်က
ဒေါ်အောင်ဆန်းစုကြည်
မြန်မာပြည်ရဲ့ အခွင့်လမ်း ။
တံကျင်ကို အမြင်ဆန်းပါလို့
ပလ္လင်ဆို တမင်လှမ်းတာဖြင့်
မှန်းချက်နဲ့နှမ်းထွက်ကမကိုက်တဲ့ပြင်
လူမိုက်တို့သခင် တံကျင်ပါလျှိုခံထိပြီမို့
အဝီစိဆိုတာ ဘုရားအလောင်းတော်အမည်ခံနဲ့
ဗာလနံသာဝကအပေါင်းတို့ရဲ့ လားရာအမှန်ဖြစ်ပြန်ပေါ့
အသစ်တစ်ဖန် မွန်းမံစရာအပြည့်နဲ့ သည်မြေနန်းကိုလ
အမေကိုယ်တိုင်စံမြန်းကာ ပြည့်အာဏာသိမ်းပါမှ
အပူငြိမ်းစွာ ဘေးဘယာဝေးကွာမှာမို့
မေတ္တာတော်ရေစင်အေးတွေနဲ့ ရာဇာဘုရင်ပလ္လင်အစစ်ကိုဖြင့်
(အလိုကွယ် သားတို့သမီးတို့)
ချစ်လက်ဆောင်ကမ်း ။ ။
ပျိုးကြဲလက်
ရေးသားချိန် = ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၄ ည ၈ နာရီအချိန်
D Day News