ကဗျာကဏ္ဍ “တိုက်”
ပျိုးကြဲလက်
လာဟေ့ရောင်းရင်း ၊ သူငယ်ချင်းတို့
သတင်းဆိုးပြီ ၊ ကချင်ပြည်၌
ဇာနည်မျိုးရင်း ၊ တို့သွေးချင်းကို
လူဖျင်းလူနုပ် ၊ စစ်ခွေးအုပ်က
စက်ဆုပ်ဖွယ်ရာ ၊ ဗုံးကြဲကာဖြင့်
ယုတ်မာရက်စက် ၊ သတ်ဖြတ်ရက်ပြီ ။
ဟုတ်တယ်ရောင်းရင်း ၊ သူငယ်ချင်းရ
သွေးချင်းတို့ရွာ ၊ အနန့်ပါမှာ
သံသာသီခိုက် ၊ ဗုံးကြဲလိုက်၍
ထိခိုက်နာကျင် ၊ ပညာရှင်နှင့်
သဘင်ချစ်မြတ် ၊ ပရိသတ်တို့
တီးမှုတ်ပွဲရပ် ၊ အပူထပ်၍
လူ့ရပ်လူ့ရွာ ၊ စွန့်ရရှာပြီ ။
ဒဏ်ရာပြင်းထန် ၊ ရှင်လျက်ကျန်၍
အမြန်ကုသ ၊ ကယ်ဆယ်ရမည့်
အရေးကြီးရာ ၊ သည်သူနာကို
ယုတ်မာစွာပါ့ ၊ လမ်းပိတ်ကြ၍
ကုသချိန်လွန် ၊ သွေးထွက်လွန်ပြီ
ကွယ်လွန်ပြန်ပေါ့ ၊ နာကျင်ပေါ့ ။
ညီစေရောင်းရင်း ၊ သူငယ်ချင်းတို့
စစ်ခင်းကြကုန် ၊ အောင်စိတ်ပုံ၍
မထုံတက်သေး ၊ သည်စစ်ခွေးကို
မပေးမယူ ၊ ဘုံရန်သူဟု
တစ်မူမကွဲ ၊ တစ်သားတည်းဖြင့်
လက်သည်းဆိတ်ရာ ၊ လက်ထိပ်နာဟေ့
တိုက်မှာတိုက်ကြ ၊ ချေမှုန်းကြဟေ့ ။ ။
ပျိုးကြဲလက်
ရေးသားချိန် = ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၅ နံနက်အစောပိုင်း ၁ နာရီ ၃၈ မိနစ်
Photo – ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက် ည ၉ နာရီအချိန်က ကချင်ပြည်နယ်၊ ဖားကန့်မြို့ နယ်၊ အနန့် ပါ ကျေးရွာတွင်ကျင်းပသည့် KIO တည်ထောင်ခြင်း ၆၂ နှစ်မြောက် ဂီတဖျော်ဖြေပွဲ ကျင်းပနေစဉ် အ ကြမ်းဖက်စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခံရမှုမြင်ကွင်း
D Day News