ကဗျာကဏ္ဍ “ကယ်ရာမဲ့ကျိန်စာ”
ပျိုးကြဲလက်
လာပါဦးတော့် ၊ မခင်ကျော့ရေ
တော့်ရင်သွေးလေး ၊ မောင်လူမွှေးကို
စစ်ခွေးအုပ်လိုက် ၊ ပျူတစ်သိုက်က
မီးမြှိုက်ပြန်ပေါ့ ၊ သတ်ပြီတော့် ။
ဟဲ့ဟဲ့ဂျမ်းဘုံ ၊ ငါမယုံဘူး
ရင်တုန်လိုက်တာ ၊ မောလိုက်တာဟဲ့
ဘယ်မှာဘယ်ပုံ ၊ အလုံးစုံကို
နင်ကြုံသမျှ ၊ ငါ့ပြောပြမွမ် ။
လူမွှေးမောင်တင် ၊ ဖိုးချစ်ခင်တို့
ဦးရင်ယာထဲ ၊ ပေါင်းသင်ဆဲမှာ
အော်ဆဲကြိုးတုပ် ၊ စစ်ခွေးအုပ်က
နာမ်ရုပ်ဓာတ်ဆီ ၊ ဒီဇယ်ဆီနှင့်
ကိုယ်စီမီးမြှိုက် ၊ သတ်ပစ်လိုက်ပြီ ။
ဟုတ်တယ်ခင်ကျော့ ၊ ယုံလိုက်တော့ဟ
အပေါ့သွားတုန်း ၊ ခြုံကွယ်ပုန်းပြီး
ကုန်းကုန်းကွကွ ၊ ပြေးခဲ့ရလို့
ငါကမသေ ၊ လွတ်ခဲ့ပေတယ် ။
ကိုကြီးမောင်ရင် ၊ ကိုယ်တိုင်မြင်က
ခင်ကျော့ယုံပြီ ၊ ယုံပါပြီမွမ့်
အဟီဟီးဟီး ၊ အီးအဟီးဟီး
အဟီးဟင်းဟင်း ၊ ဟင်းအဟီးဟီး ။
ဆန်အိုးထဲကြည့် ၊ ဆန်မရှိလို့
ရသည့်အလုပ် ၊ နေ့စားလုပ်၍
လုပ်ကျွေးပါ့မယ် ၊ အမေရယ်ဆို
သားငယ်လာခဲ့ ၊ ကြည့်လှည့်ပါဦး ။
သေချင်းဆိုးတွေ ၊ ကုန်းရေလေမှာ
သွားလေရာလိုက် ၊ ကျိန်စာခိုက်၍
မြွေကိုက်ကားတိုက် ၊ ကံကြီးထိုက်ပြီး
စစ်တိုက်သမျှ ၊ ဗုံးကျည်ခကာ
သေကြပါစေ ၊ သေပါစေတော် ။
စားကြသမျှ ၊ အပင်းခလို့
စားရအိပ်ရ ၊ ခက်ခဲကြစေ
ဝတ်ရသမျှ ၊ နွမ်းရိကြလို့
ဝတ်ရဆင်ရ ၊ ခေါင်းပါးကြစေ
နေရသမျှ ၊ ဘေးရန်ခလို့
နေရထိုင်ရ ၊ သိမ်ငယ်ကြစေ
ကိုယ်ရသမျှ ၊ ရောဂါကျလို့
ကုကြသကြ ၊ ဘေးတွေ့ကြစေ
ဝဋ်ကအမြဲ ၊ ခံရမြဲမို့
မလွဲပါစေ ၊ လည်ပါစေမွမ့် ။
အုန်း ဝုန်း ဝုန်း ဒုန်း ။
မီးရှို့မည့်တပ် ၊ မုဒိမ်းတပ်က
ရွာကပ်လာပြီ ၊ ပစ်နေပြီဟေ့
တောဆီပြေးကြ ၊ ပြေးလိုက်ကြဟေ့
ပြေးဟပြေးဟ ၊ ပြေးလိုက်ကြဦး
ပြီးမှစိတ်ကြိုက် ၊ ကျိန်စာတိုက်ကြ ။ ။
ပျိုးကြဲလက်
ကဗျာ ရေးချိန် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက် ညနေ ၅ နာရီ ၄၁ မိနစ်
D Day News