ကဗျာကဏ္ဍ “နတ်ကျိန်စာ”
ပျိုးကြဲလက်
အိမ်စောင့်ရွာစောင့် ၊ ရပ်ကွက်စောင့်နှင့်
မြို့စောင့်မကျန် ၊ ရိုးရာမှန်က
အမြန်ပြေးကြ ၊ ပြေးလိုက်ကြဟေ့ ။
နတ်မှန်သမျှ ၊ သေနတ်ပြ၍
ဖမ်းကြဆီးကြ ၊ အကျဉ်းချပြီ
ပြေးကြပြေးကြ ၊ ပြေးထားကြဟ ။
ကြားရဲ့လားတော် ၊ ကိုကြီးကျော်ရေ
လာခေါ်လှည့်ပါ ၊ ကျုပ်နန်းမှာလည်း
ပြာပုံအတွင်း ၊ ဗလာကျင်းပေါ့ ။
ကျားရှင်ဓားရှင် ၊ ဗန့်ကျီရှင်ရဲ့
ဦးရှင်ကြီးရယ် ၊ ဘသူကြွယ်က
စောင့်မယ်ထင်ရဲ့ ၊ သွားစို့ကွယ့် ။
ငါအမေဂျမ်း ၊ လာမစမ်းနဲ့
ပွဲကြမ်းပြမယ် ၊ ကိုတင့်တယ်ရေ
ဒီမယ်ကြည့်စမ်း ၊ စစ်ခွေးဖမ်းမယ် ။
ဟဲ့မရွှေဂျမ်း ၊ သွားမစမ်းနဲ့
လူကြမ်းလူစိမ်း ၊ အယူတိမ်းတို့
မုဒိမ်းကျင့်မယ် ၊ မီးရှို့တယ်ဟ ။
ဟုတ်ရဲ့လားမောင် ၊ မုဒိမ်းကောင်နှင့်
လင်မောင်လယ်ကွက် ၊ မလဲရက်ဘူး
ကိုတက်ပြားရယ် ၊ ကျုပ်ပြေးမယ်တော့် ။
အဲဒါငါ့ဥ ၊ လာမလုနဲ့
ကြက်ဥပြန်ပေး ၊ ဟိုစစ်ခွေးက
မပေးဘူးတဲ့ ၊ ဖျဉ်းကြီးရဲ့ ။
ဟဲ့ဟဲ့မနှဲ ၊ ဥမစွဲနှင့်
ဥစွဲသည့်တပ် ၊ မသာထပ်၍
သူကျပ်ကိုယ်ကျပ် ၊ အနေကျပ်ပြီ
စုရပ်ကိုပြေး ၊ မြန်မြန်ပြေးဟ ။
ရောက်လျှင်ရောက်ချင်း ၊ အပူကင်းလျှင်
အိမ်တွင်းအိမ်ပြင် ၊ နတ်စုံလင်နှင့်
သဘင်ကျင်းရာ ၊ နတ်များစွာက
ချိန်ခါသင့်ခိုက် ၊ ကျိန်စာတိုက်၏ ။
ငါတို့အာဏာ ၊ သိမ်းရာပါသို့
မိစ္ဆာခွေးအုပ် ၊ အာဏာပြုတ်စေ ။
ငါတို့ဘုံပျောက် ၊ ဒုက္ခရောက်သို့
မဖောက်မပြန် ၊ တန်ပြန်ခံစေ ။
လာဘ်လာဘစဲ ၊ အဝင်နဲသို့
အမြဲမသွေ ၊ ခံရစေဟဲ့ ။
သေရေးရှင်ရေး ၊ မိစ္ဆာဘေးမှာ
ဖေးမမခေါ် ၊ နတ်ကတော်လည်း
တော်ပြီလို့မှတ် ၊ သေခန်းပြတ်ဟေ့ ။ ။
ပျိုးကြဲလက်
၀၁း၄၄
၆း၁၂း၂၀၂၂
D Day News