Story

0 0
Read Time:9 Minute, 26 Second

သင့်အားပြည်သူက အလိုရှိသည်

ပျိုးကြဲလက် (အတွေးအမြင် ဆောင်းပါး)

 

 

၂၀၂၁ ခုနှစ်၏ နွေဦးရာသီကား မြန်မာပြည်သူ ပြည်သားများအတွက် လွန်စွာမှ အကျည်းတန် အရုပ် ဆိုး လှချေ၏။

 

အဘယ့်ကြောင့်နည်း။

 

ပြည်သူတို့၏ အသဲကြားမှ မဲတစ်ပြားစီဖြင့် ကိုရိုနာ ကပ်ရောဂါဘေးကျရောက်နေတဲ့ကြားက ခက် ခက်ခဲခဲ မဲပေးရွေးချယ် ထားခဲ့ကြရသည့် ပြည်သူ့အစိုးရကို ဖြုတ်ချကာ တပ်မတော်မှ မဆီမဆိုင် အာဏာသိမ်းယူ လိုက်သည့် အတွက်ကြောင့်ပင် ဖြစ်သည်။

 

မဲစာရင်းမသမာမှုများကြောင့် တိုင်းပြည်၏ အာဏာကို တစ်ခဏတာ သိမ်းယူလိုက်ရပါသည်ဆိုသည့် အကြောင်းပြချက်မှာလည်း “ပြည့်တန်ဆာက အပျိုစစ်ပါတယ်” လို့ ဇွတ်မှိတ်ပြီး အာမခံချက် ပေးနေ သကဲ့သို့ပင်။

 

မြန်မာတစ်ပြည်လုံးရှိ သန်း ၅၀ ကျော်သော ပြည်သူများသာမက သာမက ကမ္ဘာကပင် လက်မခံခဲ့ ကြချေ။

 

အဲဒီအတွက်ကြောင့် မြန်မာ နွေဦးအလှကား ပျက်သုဥ်းခဲ့ရချေသည်။

 

ခါနွေဦး၏ မြူမှုန်တို့အကြား ခပ်ရေးရေးသာ မြင်တွေ့ကြရသည့် လက်ပံပျို ပင်ယံဦးဆီက ဥသြငှက်ဖို ၏ တွန်သံသည်လည်း မချိုတော့ပြီ။

 

သူလည်း ငြိမ်းချမ်းရေး ချိုးငှက်နှင့်အပြိုင် ငိုနေရှာပေရော့မည်။

 

ယုံကြည်လေးစား အားကိုးအားထား ပြုခဲ့ကြရသည့် နိုင်ငံ့ခေါင်းဆောင်ကြီးများ အထိမ်းသိမ်းခံလိုက်ရ ပြီဆိုသည့် အသိက နိုင်ငံသားတို့၏ နှလုံးသွေးများကိုပွက်ပွက် ဆူလာစေသည်။

 

သွေးတိုး၍ လက်ဖျံတစ်လျောက်လုံး၌ တစ်ဖျဥ်းဖျဥ်းသော ဝေဒနာကို လူပေါင်းများစွာ ခံစားခဲ့ကြရ သည်။

 

အချို့မှာ ရင်ဘတ်တွေ အောင့်လာသည်အထိ ဖြစ်ခဲ့ကြရသည်။

 

ဒေါသသံ ကြုံးဝါးသံ တောက်ခေါက် သံတွေနဲ့ အတူ လမ်းမပေါ်ထွက်၍ ဆန္ဒပြသပိတ်မှောက် ခဲ့ကြ သည်မှာ နိုင်ငံအဝန်း လူပင်လယ်အတိ ဖြစ်ခဲ့ရသည်။

 

ငြိမ်းချမ်းစွာ လှည့်လည် ဆန္ဒပြ နေကြသည့် လူထုကို အာဏာရူးများက ခွင့်လွှတ်သည်းခံခြင်း အ လျဥ်းမရှိခဲ့။

 

ပြည်သူရယ်လို့ သူမမြင်၊ ရက်ရက်စက်စက် တုန့်ပြန် နှိမ်နင်းခဲ့ကြသည်။

 

ခေတ်ပြောင်းအောင် ခေါင်းကိုတည့်တည့် ချိန်ပစ်ခဲ့ကြသည်။

 

အပြစ်မဲ့ နိုင်ငံ့ရတနာပေါင်းများစွာ အသက် ဆုံးရှုံးခဲ့ရသည် ။ မိသားစုများစွာ သောကမီး တောက် လောင်ခဲ့ကြရသည်။ မိတစ်ဆိုး ဖတစ်ဆိုး အရေအတွက် တိုးလာလို့ အပြစ်မဲ့ ကလေးသူငယ်တို့ အနာဂတ်ပျောက်ခဲ့ ကြရသည်။

 

ဘုရင်ရူးတစ်ယောက်၏ လွဲမှားသည့် တွက်ကိန်းကြောင့် ရွက်စိမ်းတို့ တဖြုတ်ဖြုတ် ကြွေခဲ့ရချေပြီ။

 

မိမိတို့၏ဆန္ဒ မိမိတို့၏အခွင့်အရေးကို အာဏာရှင်ထံမှ ငြိမ်းချမ်းစွာ တောင်းဆို၍မရဆိုသည့် အသိက ပြည်သူလူထု၏ စဥ်းစားညဏ်ကို နှိုးဆွလာသည့်အခါ တော်လှန်ရေးသည် အသက်ဝင်လာခဲ့သည်။

 

ပေတစ်ရာ လမ်းမပေါ်က လူသေအလောင်းတွေ အမှတ်တရ ချန်ရစ်ခဲ့ကြသည့် အာဇာနည်တို့ရဲ့ ဝိဥာဉ်တွေ ရှင်သန်ကြီးထွား လာခဲ့ကြသည်။

 

လူထု၏ အသွေးထဲ အသားထဲကို အာဇာနည်များ၏ စိတ်ဓာတ်တို့ စိမ့်ဝင်ခိုအောင်းလာသည့်အခါ မိမိကိုယ်မိမိ ကာကွယ်ခွင့်ကို ကိုင်စွဲ၍ ရရာလက်နက် ဆွဲကိုင်ကာ အာဏာရှင်ကို တော်လှန်ခဲ့ကြ သည်။

 

ထိုအချိန်တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ၏တပ်များက ရှေ့တန်းစစ်မြေပြင် တစ်ခုလို ဖန်တီးလာခဲ့ကြသည်။

 

ရပ်ထဲရွာထဲ ဝင်ရောက်ကာ လက်နက်မဲ့ပြည်သူများကို အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးလျှက် အသက် သေဆုံးသည်အထိ ရိုက်နှက်နှိပ်စက်သည်။ ပစ်ခတ် သတ်ဖြတ်သည် ။ မုဒိမ်းကျင့်သည်။ သူခိုးဓားပြထက် ဆိုးသည် ။ မိုက်သည် ။ ယုတ်မာကောက်ကျစ်သည်။လိုရာပစ္စည်း အကုန်ယူ၍ အိမ် ၊ ကျောင်း ၊စျေးတို့ကို မီးရှို့ဖျက်ဆီးသည်။

 

စစ်သူပုန်တို့၏ ပြည်သူအပေါ် ပေးဆပ်ကြရမည့် သွေးကြွေးကား တစ်နေ့တစ်ခြား ကြီးမားလာခဲ့ သည်။

 

ပြည်သူတစ်ရပ်လုံး၏ နာကျည်းသံ ၊ ငိုရှိုက်သံ ၊ ကျိန်ဆဲသံများနှင့် အတူ သွေးမျက်ရည်များသည် တောင်ပေါ်နှင့်မြေပြန့် ဒေသအနှံ့အပြားသို့ တစ်မုဟုတ်ချင်း ပြန့်နှံ့လာခဲ့သည့်အခါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများပါ အာဏာရှင်စနစ် အဆုံးသတ်တိုက်ပွဲတွင် ပူးပေါင်းပါဝင်လာခဲ့ ကြသည်။

 

တစ်နိုင်ငံလုံးနှင့် အဖွဲ့အစည်းတစ်ခုတည်း တိုက်ခိုက်ရသော စစ်ပွဲဖြစ်၍ ပြည်သူတို့က အရေးသာ သည်။

 

စစ်ပွဲမစခင်ကတည်းက နိုင်မည်ထင်၍ စခဲ့ကြခြင်းမဟုတ် ။ နိုင်ရမည်ဆိုသည့် ပြတ်သားသော ခံယူ ချက် ဖြင့်သာ တိုက်ပွဲဝင်ခဲ့ကြခြင်းဖြစ်သည့် အတွက် မုချနိုင်ရမည် ဖြစ်သည်။

 

မြန်မာတို့၏ ရာဇဝင်တွင် မိဖုရားခေါင်ကြီး နန်းမတော်မယ်နုနှင့် မောင်တော် စလင်းမင်းသား မောင် အိုတို့  တန်ခိုးထွားချိန်တွင် ပြည်သူများစွာ ဆင်းရဲဒုက္ခကို ခါးစည်း၍ ခံစားခဲ့ကြရသည်။

 

သာယာဝတီမင်းသားက တော်လှန်ပုန်ကန်၍ အရေးတော်ပုံ အောင်မြင်သည့်အခါ နန်းမတော်မယ်နု ကို ရေ၌ ဖျောက်ဖျက်စေသည်။

 

မကွပ်မျက်မီ မိဖုရားမယ်နု၏ တောင်းဆိုချက်အရ ဆရာတော်ဦးဗုဒ်ထံ သွားရောက်၍ ဖူးမြော်ရန်ခွင့် ပြုခဲ့သည်။

 

ထိုချိန်တွင် ဆရာတော် ဦးဗုဒ်က မယ်နုအား မိန့်ကြားတော်မူခဲ့သော ဆုံးမစကားတစ်ခွန်းမှာ သမိုင်းတွင်ခဲ့သည်။

 

ယင်းမှာ-

 

“ဟဲ့မယ်နု သူ့အကြွေးရှိရင် ဆပ်ရမယ်” ဆိုသည့် ဆုံးမစကားပင်။

 

ဟုတ်သည်။

 

အကြွေးရှိလျှင် ဆပ်ရမည်။

 

သွေးကြွေးသည် ဆွေးနွေးရန် အကြောင်းမရှိပေ။

 

လုပ်ရဲလျှင် ခံရဲရပေမည်။

 

စစ်ကောင်စီ၏ လက်မရွံ့ အကြမ်းဖက် လူသတ်တပ်ဖွဲ့ဝင်များ ဖြစ်ခဲ့ရသည့် စစ်နှင့်ရဲ တပ်ဖွဲ့ဝင်များ သည်လည်း အလှည့်ကျလျှင် မနွဲ့စတမ်းပေးဆပ် ကြရပေလိမ့်မည်။

 

သို့သော် မည်မျှကောင်းသော အဖွဲ့အစည်းများပင် ဖြစ်ပါစေ လူဆိုးလူယုတ်မာများ ကြားညှပ်ပါတတ် သည်။

 

ထို့အတူ မည်မျှပင်ဆိုးသော အဖွဲ့အစည်းဖြစ်ပါစေ လူကောင်းတို့ ရှိတတ်သည်။

 

လက်ရှိအခြေအနေရ အကြမ်းဖက် စစ်သားနှင့်ရဲတပ်ဖွဲ့ဝင်များသည် မိမိတို့၏ လုပ်ရပ်များ ကောင်း သည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ပြည်သူနှင့်ပူးပေါင်းရန် အချိန်ရင့်မှည့်နေပြီ ဖြစ်သည်။

 

ပြည်သူ့အဆုံးအဖြတ်ကို လက်ခံ၍ သွေးကြွေးကို ဆပ်ကြရပေမည်။

 

တရားဥပဒေနှင့်အညီ ပေးအပ်သည့်ပြစ်ဒဏ်ကို ကြည်ဖြူစွာ ခံယူကြရမည်။

 

မဟုတ်ပါက ပြည်တွင်းစစ်မီး အဟုန်ပိုမိုကြီးထွားလာမည်။ ပို၍ကြာရှည်မည် ။ မိမိတို့ အသက်

အန္တရယ်သာမက မိမိတို့ မိသားစုဝင်များ၏ အသက်အန္တရာယ်ကိုပါ မတော်တဆ ထိပါးလာနိုင်သည့် အပြင်ဂုဏ်သိက္ခာကျဆင်းပြီး အများတံတွေးကွက် ပက်လက်မျောနိုင်သည့်အတွက် အထူးသတိချပ် ကြရမည်။

 

စစ်ကောင်စီလက်ပါးစေ ရဲဘော်အပေါင်းအား စကားလက်ဆောင် ပါးလိုသည်မှာ တိုင်းပြည်ကို မချစ် လျှင်နေပါ။ ပြည်သူကို အကာအကွယ် မပေးလျှင်နေပါ။

 

သင်တို့၏ မိသားစုများကို ငဲ့ညှာသင့်သည်။ သင်တို့၏ မိသားစုများကို အကာအကွယ် ပေးသင့်သည်။ သင်တို့ ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်လာချိန်ကို သင်တို့၏မိသားစုများက စောင့်မျှော်နေပေရော့မည်။

 

အာဏာရှင်တို့၏ မိသားစုဝင်များ အကျိုးများစေရေး အတွက် သင်တို့၏ဘဝ သင်တို့၏ မိသားစုဘဝ များ ကို မစတေးကြပါနှင့် ။ ပြည်သူ့ရင်ခွင်ထံ အမြန်ခိုဝင်ပါ။

 

ပြည်သူတို့ တိုက်နေသည့် ဤစစ်ပွဲသည်ကား အာဏာတည်မြဲရေး အတွက် တိုက်သည့် စစ်ပွဲလည်း မဟုတ်။ ဓနဥစ္စာတိုးပွားရေး အတွက်တိုက်နေသည့် စစ်ပွဲလည်းမဟုတ်။ ရာထူးနေရာ ရရှိရေး အတွက် တိုက်နေသည့် စစ်ပွဲလည်း မဟုတ်ချေ။

 

ဓမ္မနှင့် အဓမ္မတိုက်နေသည့် စစ်ပွဲဖြစ်၏။

 

နှစ်ပေါင်းများစွာ နာတာရှည်စွဲကပ်နေသည့် အာဏာရှင်စနစ် ပပျောက်ရေးအတွက် တိုက်နေကြ သည့် စစ်ပွဲဖြစ်သည်။

 

အမှန်တရား၏ ဘက်တော်သားများ ဖြစ်၍ မည်သည့်အတွက်ကြောင့်မျှ ကြောက်ရွံ့ နောက်ဆုတ်လိမ့် မည်မဟုတ်။

 

ပုန်ကန်လျှင် နှိမ်နင်းမည်။ ပြစ်မှုကျူးလွန်လျှင် ပြစ်ဒဏ်ပေးမည်။ ပူးပေါင်းလျှင် နွေးထွေးသည့် ကမ်း လက်ဖြင့် ကြိုဆိုမည်။

 

“သင့်အား ပြည်သူကအလိုရှိသည်” ။  ။

 

ပျိုးကြဲလက်

 

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *