UN News

0 0
Read Time:13 Minute, 46 Second

အာဏာသိမ်းစစ်တပ်သည် မြန်မာနိုင်ငံ အကျပ်အတည်းနှင့် ဒေသတွင်း၏ မတည်ငြိမ်မှုကို ဖန်တီး သည့် တရားခံစစ်စစ်ဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ထိရောက်သော အရေးယူမှု မလွဲမသွေလုပ်ဆောင်ရမည်ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

 

D Day News

ဇွန်လ ၁

 

အာဏာသိမ်းစစ်တပ်သည် မြန်မာနိုင်ငံ အကျပ်အတည်းနှင့် ဒေသတွင်း၏ မတည်ငြိမ်မှုကို ဖန်တီး သည့် တရားခံစစ်စစ်ဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ထိရောက်သော အရေးယူမှု မလွဲမသွေလုပ်ဆောင်ရမည်ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

 

မေလ ၂၉ ရက်မွန်းလွဲ ၃ နာရီခန့်က အမေရိကန်နိုင်ငံ၊ နယူယောက်မြို့ ကုလသမဂ္ဂဌာနချုပ်ရုံးတွင် မြန်မာအရေးကိစ္စအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ Arria-formula အစည်းအဝေး (UNSC Arria-formula Meeting on Myanmar) ကို လုံခြုံရေးကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင် တစ်နိုင်ငံ ဖြစ် သော ဗြိတိန်နိုင်ငံမှ ကြီးမှူးကျင်းပသည့် အစည်းအဝေးတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ် သည်။

 

မြန်မာနိုင်ငံအခြေအနေသည် အမှန်တကယ်ကို ဆိုးရွား သည့်အခြေအနေကို ရောက်ရှိနေပြီး ယခုလို အခြေအနေ များကို ကြားသိရသည်မှာ နာကျင်ရကြောင်း၊ အစည်းအဝေးအစတွင် ပြသသည့် ဗီဒီယို အတိုလေးမှာလည်း မြန်မာလူငယ်အချို့၏ အနာဂတ်ပျောက်နေသည်ကို ထင်ဟပ်ကြောင်း၊ မြန်မာ နိုင်ငံ ၏ လူငယ်အများစု ဤသို့အလားတူ အနာဂတ်ပျောက်သည့် အခြေအနေမျိုးများနှင့် ရင်ဆိုင်နေ ကြရသဖြင့် ရင်နင့်ဖွယ်ရာများဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

 

မြန်မာနိုင်ငံတွင် စစ်တပ်မှ မတရားစစ်အာဏာသိမ်းထားမှုနှင့် ၎င်းတို့မှ နိုင်ငံအဝှမ်း ရက်စက်ကြမ်း ကြုတ်မှုများ ကျူးလွန်နေမှုတို့မှာ (၃) နှစ်တာကာလကိုပင် ကျော်လွန်လာခဲ့ပြီး တရားခံအာဏာ သိမ်းစစ်တပ်သည် ပြည်သူလူထုတစ်ရပ်လုံးအပေါ်တွင် မတည်ငြိမ်မှု များကို ဆက်တိုက်ဖန်တီး လျက်ရှိကြောင်း၊ ထို့ကြောင့် လက်ရှိ မြန်မာနိုင်ငံ၌ ဆိုးရွားစွာ ဖြစ်ပေါ်နေသည့် အခြေအနေမှန်ကို ပြန်လည် ထင်ဟပ်သုံးသပ်ခွင့်နှင့် စကားလုံးများဖြင့် ပုံဖော်၍ မရနိုင်သော အဖြစ်ဆိုးများ ပြေလည် စေရန် ပြည့်ပြည့်ဝဝ၊ ထိထိရောက်ရောက် ဖြေရှင်းနိုင်မည့် နည်းလမ်းများကို အဖြေရှာ ဆွေးနွေးခွင့် ရရှိစေသည့် ယနေ့အစည်းအဝေးကို ကြိုဆိုပါကြောင်း၊ မြန်မာပြည်သူများဘက်မှ ရပ်တည်ပြောကြား ပေး သည့် အဖွဲ့ဝင်နိုင်ငံများကို ကျေးဇူးတင်ရှိပါကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

မြန်မာနိုင်ငံသည် အရပ်သားပြည်သူများ အန္တရာယ် ကျရောက်စေနိုင်ပြီး အသိုက်အဝန်းများအကြား တင်းမာမှုများ တဖန် ပြန်လည်ဖြစ် ပေါ်စေ၍ နေရပ်စွန့်ခွာမှုအား မြင့်တက်လာစေမည့် အလွန် အန္တရာယ် ကြီးမားသော အခြေအနေတွင်း သို့ ကျရောက်နေကြောင်း၊ နိုင်ငံ့လူဦးရေစုစုပေါင်းအနက် (၃) သန်းကျော်မှာ ပြည် တွင်းနေရပ်စွန့်ခွာသူများဖြစ်နေပြီး (၁၈.၆) သန်းမှာ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ လိုအပ်လျက်ရှိကြောင်း၊ ၎င်းတို့အနက် (၆) သန်းမှာ ကလေးငယ်များ ဖြစ်ပြီး အဆိုပါ ကိန်းဂဏန်းများသည် မြင့်တက်နေဆဲပင် ဖြစ် ကြောင်း OCHA မှ အစီရင်ခံစာထုတ် ပြန်ထားသည်။

 

နေရာဒေသအသီးသီးတွင် ခိုလှုံနေရသည့် နေရပ်စွန့်ခွာသူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု နှင့် ပညာရေးများ ကြားဖြတ် ဖြတ်တောက်ခံရခြင်း၊ စားနပ်ရိက္ခာ မလုံ လောက်မှုနှင့် အာဟာရ မပြည့်ဝမှု ပြဿနာများ၊ အခြေခံကယ်ဆယ်ရေး ပစ္စည်းများ ပြတ်လတ်မှုနှင့် ရာသီဥတု ဘေးဒဏ် များ ကြုံလွယ်ခြင်းတို့မှာ ၎င်းတို့ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများစွာအနက် အနည်းငယ်မျှ သာဖြစ် ကြောင်း၊ ထို့အတူ ပဋိပက္ခဖြစ်ပွားခြင်း မရှိ သည့် နေရာဒေသများတွင်လည်း ပြည်သူများ၏ လူနေမှု ဘဝ များကို ထိခိုက်စေသည့် အာဏာသိမ်းစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ရင်ဆိုင် နေရကြ ရ သည်ဟု ဆိုသည်။

 

၂၀၂၄ ခုနှစ်၊ မေလ မှတ်တမ်းအရ အာဏာသိမ်းစစ်တပ်မှ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် ပြည် သူ (၅,၁၀၀) ကျော်ရှိပြီး ယင်းမှာ အတည်ပြုထားသည့် ကိန်းဂဏန်းမျှသာဖြစ်ကြောင်း၊ မတရား ဖမ်း ဆီးချုပ်နှောင်ခံရသူနှင့် ထိန်းသိမ်းခံဦးရေမှာ ၂၆,၀၀၀ ကျော်ရှိ လာပြီး၊ ဆက်လက်မြင့်တက်လျက်ရှိ ကြောင်း သိရသည်။

 

ပြည်သူပိုင်အိုးအိမ်တိုက်တာ ပစ္စည်း (၉) သောင်းကျော်မှာ စစ်တပ်၏ အဆင်အခြင်မဲ့ တိုက်ခိုက်မှု၊ လေကြောင်းမှ ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်မှုများနှင့် မီးရှို့ဖျက်ဆီးခြင်းများကြောင့် ပျက်စီးခဲ့ရ ကြောင်း သိရသည်။

 

အာဏာသိမ်းစစ်တပ်မှ ပြည်တွင်းဥပဒေ၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေနှင့် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတို့အား ပြောင်ပြောင် တင်းတင်းချိုးဖောက်နေမှုကြောင့် မြန်မာပြည်သူများ၊ အထူးသဖြင့် အမျိုးသမီး၊ ကလေးငယ်များနှင့် လူငယ်များ၏ ဒုက္ခဆင်းရဲမှာ ပိုမိုကြီးထွားလာသည်ဟု ဆိုသည်။

 

အာဏာသိမ်းစစ်တပ်သည် ပြီးခဲ့သည့် (၃) နှစ် ကျော် ကာလတလျှောက် စာသင် ကျောင်းများနှင့် အခြားသော ပညာရေးအဆောက်အုံ အမြောက်အများကို လေကြောင်းမှ တဆင့် ကြိမ်ဖန်များစွာ တိုက်ခိုက်ဖျက်ဆီးခဲ့သဖြင့် မြန်မာနိုင်ငံရှိ ကလေးငယ်များ အနေဖြင့် ပညာသင်ကြားခွင့်ကို ဆုံးရှုံးနေ ကြောင်း၊ ပဋိပက္ခဒဏ်သင့် နေရာဒေသများတွင် နေထိုင်နေသော ကလေးငယ်များအနေဖြင့် ဗုံးခို ကျင်းများနှင့် ရွှေ့ပြောင်းရသော ယာယီတဲများတွင် ပညာဆည်းပူးနေရကြရကာ ဘေးအန္တရာယ်ကင်း စွာ ပညာသင့်ကြားခွင့်ကို ဆုံးရှုံးနေရကြရသည်။

 

ထို့ပြင် ကလေးငယ်အများစုမှာ မလုံခြုံမှုနှင့် အခြားသော ကန့်သတ်ချက်များကြောင့် အခြေခံ ကျန်း မာရေး နှင့် အစာအာဟာရတို့ကို မရရှိနိုင်ဘဲ ၎င်းတို့၏ ကျန်းမာရေး အခွင့်အရေးကိုပါ ထိပါးခံနေရကြောင်း သိရသည်။

 

ထို့အတူ စစ်တပ်၏ မတရားအာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ ရက်စက်ကြမ်းကြုတ်မှုများသည် လူငယ်လူရွယ်များအပေါ်တွင်လည်း ကြီးမားစွာ သက်ရောက်လျက်ရှိပြီး လူငယ်များက ၎င်းတို့၏ အနာဂတ်အား ဖျက်ဆီးခံခဲ့ရသဖြင့် စစ်အာဏာရှင် စနစ်အား ကျရှုံးစေမည့် တော်လှန်ရေးတွင် ပါဝင်ကာ ၎င်းတို့၏ အနာဂတ်များကို ပြန်လည်ရယူရန် ဆုံးဖြတ်ချက်အခိုင်အမာ ချမှတ်ထား ကြောင်း သိရသည်။

 

ထိုမျှမက စစ်တပ်၏ မတရားစစ်သားစုဆောင်းမှု ထွက်ပေါ်လာပြီးနောက် အိမ်ထောင်စုတိုင်း၊ အထူး သဖြင့် လူငယ်ရှိသော မိသားစုများတွင် အကြောက်တရား စိုးမိုးလျက်ရှိပြီး ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ လူငယ်အများစုမှာ စစ်တပ်၏ မတရား စစ်သားစုဆောင်းခြင်းမှ လွတ်မြောက် နိုင်ရန် ပုန်းကွယ်၊ ရှောင်တိမ်းနေရကြောင်း၊ အချို့သောမိသားစုများတွင် စစ်တပ်၏ စစ်သား စုဆောင်းမှု စာရင်းတွင် အမည် ပါဝင်နေသောကြောင့် ကာယကံရှင် လူငယ်ကဖြစ်စေ၊ မိသားစုဝင် များကဖြစ်စေ သေကြောင်းကြံစည်ခဲ့ကြသည်အထိ ဖြစ်ပေါ်လျက်ရှိသည်။

 

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ အမျိုးသားနှင့် ယောက်ျားလေး (၁,၀၀၀) ကျော်တို့အား စစ်တပ်က အတင်းအကြပ် စစ်သားစုဆောင်းခဲ့ပြီး၊ ရခိုင်တပ်တော် (AA) အား တိုက်ခိုက်စေခဲ့ကြောင်း၊ စစ်တပ် သည် ယင်းဒေသတွင် လူမှုအဖွဲ့အစည်းများအကြား ယုံကြည်မှု ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ စေ့ဆော်ကာ အသိုက်အဝန်းများအကြား အကြမ်းဖက်မှု များ ဖန်တီးလျက်ရှိကြောင်း သိရသည်။

ယင်းအချက်များမှာ ငြင်းဆန်၍မရသော အချက်များဖြစ်ပြီး အာဏာသိမ်းစစ်တပ်သည် အဆိုပါ အ ကျပ်အတည်းနှင့် မြန်မာနိုင်ငံနှင့် ဒေသတွင်း၏ မတည်ငြိမ်မှုအား ဖန်တီးသည့် တရားခံစစ်စစ်ဖြစ် သည်မှာ ထင်ရှားကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြပြောဆိုသည်။

အာဏာသိမ်းစစ်တပ်အနေဖြင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု များနှင့် စစ်ရာဇဝတ် မှုများအပါအဝင် မြောက်များစွာသော ရက်စက်ကြမ်းကြုတ်မှုများကို ဆက်လက်ကျူးလွန်လျက်ရှိ သည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရပြီး  နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေဖြင့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအား ရပ်တန့်ရန် ထိရောက်သော လုပ်ဆောင်ချက်များ ဆောင်ရွက်ခြင်းဖြင့် ယင်းသို့သော အပြုအမူများကို လုံးဝ လက်မခံကြောင်း ပြသရမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော် မိုးထွန်းက တိုက်တွန်းတောင်းဆိုထားသည်။

 

စစ်တပ်ထံသို့ လက်နက်၊ လေယာဉ်ဆီနှင့် ငွေကြေးထောက်ပံ့မှုများ ရပ်တန့်နိုင်ရန် အစွမ်းကုန် အား ထုတ် သင့်ကြောင်း၊ စစ်တပ်မှ ကျင့်သုံးနေသော ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို မဖြစ်မနေ ချုပ်ငြိမ်းစေရ မည်ဖြစ်ပြီး လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံအခြေအနေအား နိုင်ငံတကာရာဇဝတ် ခုံရုံးသို့ လွှဲပြောင်းတင်သွင်းကာ ပြစ်မှုကျူးလွန်သူများအား တရားဥပဒေကြောင်းအရ ပြစ်ဒဏ်စီရင်ချမှတ် သင့်ကြောင်း ၎င်းက ဆက်လက်တိုက်တွန်းထားသည်။

 

မြန်မာအရေးကိစ္စ ယနေ့အချိန်အထိ ကြန့်ကြာနေခြင်းကို ကြည့်ခြင်းအားဖြင့် မြန်မာအရေးကိစ္စကို အပိုင်းပိုင်းခွဲ၍ ချဉ်းကပ်ခြင်းထက် ထောင့်ပေါင်းစုံမှ ခြုံငုံ ချဉ်းကပ် ခြင်းဖြင့် ဖြေရှင်းရန် လိုအပ်သည် မှာ ထင်ရှားကြောင်း၊ မြန်မာအရေးကိစ္စသည် ဒေသတွင်းနှင့် အခြားနေရာဒေသများသို့ပါ စိမ့်ဝင် လျက်ရှိသောကြောင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ကုလသမဂ္ဂ အအပါ အဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တက်ကြွစွာ ထိတွေ့ဆက်ဆံရမည် ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆို သည်။

 

မြန်မာပြည်သူများ၊ အထူးသဖြင့် လူငယ်လူရွယ်များ၏ အနာဂတ်အား ပြန်လည်ရယူနိုင်မည့် တစ်ခု တည်းသော နည်းလမ်းမှာ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းခြင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စု တည်ထောင်ရေးပင်ဖြစ်ကြောင်း၊ အာဆီယံ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂ တို့အား မြန်မာ နိုင်ငံအပေါ် မပျက်ကွက်ကြရန်နှင့် မြန်မာပြည်သူများ၏ မျှော်မှန်းချက်များနှင့်အညီ ထိရောက်သော အရေးယူဆောင်ရွက်ချက်များ ချမှတ်လုပ်ဆောင်ရန် ထပ်လောင်း တောင်းဆိုလိုပါ ကြောင်း၊ မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်နိုင်ရန်၊ မြန်မာလူငယ်များ၏ အနာဂတ်၊ မြန်မာ ပြည်သူများ၏ အနာဂတ် ပြန်လည်ရယူပေးနိုင်ရန် လူခြုံရေးကောင်စီ၏ ထိရောက်သော အရေးယူမှု မလွဲမသွေ လိုအပ်နေသည်မှာ လွန်စွာ ထင်ရှားပါကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုသည်။

 

အဆိုပါအစည်းအဝေးတွင် UNICEF ၏ Emergency Operations Director ဖြစ်သူ Ms. Lucia Elmi က ဆွေးနွေးသူအဖြစ် ပါဝင်ဆွေးနွေးခဲ့သည့်အပြင် လုံခြုံရေးကောင်စီ၏ အဖွဲ့ဝင်နိုင်ငံများနှင့် ကောင် စီ၏ အဖွဲ့ဝင်နိုင်ငံမဟုတ်သည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသော မလေးရှား၊ ဗီယက်နမ်၊ အင်ဒို နီးရှား၊ ဘင်္ဂလားဒေ့ရှ်နှင့် တီမောလက်စတေးနိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *