ကရင်နယ်ခြားစောင့်တပ်/ကရင်အမျိုးသားတပ်မတော်၏ ရာဇဝတ်စီးပွားကွန်ရက်အား ဖော်ထုတ်
အပိုင်း -၁
ကရင်နယ်ခြားစောင့်တပ် (BGF)/ကရင်အမျိုးသားတပ်မတော် (KNA) သည် မြန်မာစစ်အုပ်စုနှင့် ကာလ ရှည်ကြာ မဟာမိတ်ဖွဲ့ထားသည့် ပြည်သူ့စစ်အဖွဲ့ဖြစ်ပြီး၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အုပ်စုဖွဲ့ရာဇ၀တ်မှုများတွင် ပါဝင်ပတ်သက်မှုများကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားသည်။
ကရင် BGF/KNA တပ်သည် ၎င်းတို့လှုပ်ရှားသည့် နယ်မြေများအတွင်း ကျယ်ပြောလှသည့် အတိဒုက္ခ များအတွက် တာဝန်ရှိသည်။ ယင်းအဖွဲ့၏ ချိုးဖောက်မှုများကို ကောင်းစွာမှတ်တမ်းတင်ထားပြီး၊ စစ် ရာဇ၀တ်မှုမြောက်သည့် ချိုးဖောက်မှုများဖြစ်နေကို တွေ့ရသည်။
၎င်းတို့ကျူးလွန်ချိုးဖောက်မှုများတွင် အရပ်သားများအား သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ အဓမ္မပေါ်တာဆွဲခြင်း၊ လူသားဒိုင်းများအဖြစ် အသုံးပြုခြင်း၊ အတင်း အဓမ္မ စစ်သားစုဆောင်းခြင်း၊ အဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ အတင်းအကျပ် နေရာ ရွှေ့ ပြောင်း စေခြင်း၊ ငွေညှစ်ခြင်းနှင့် မြေသိမ်းခြင်းများ ပါဝင်သည်။ ကရင် BGF/KNA တပ်သည် မြန် မာစစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေးများတွင် ပါဝင်ကျူးလွန်သူ ဖြစ်သည်။
ကရင် BGF/KNA တပ်ကို စံမြင့်က ဦးဆောင်သည်။ စောချစ်သူ ဆိုသည့်အမည်ကိုလည်း အသုံးပြု သည့် ဗိုလ်မှူးကြီး စံမြင့်(ခ)စောချစ်သူသည် ၎င်း၏ မိသားစုဝင်များ၊ အပေါင်းအပါများနှင့်အတူ ရာဇဝတ်စီးပွားရေး ကွန်ရက်ကို တည်ဆောက်ထားသည်။
မြန်မာစစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်မှုမှတဆင့် ကရင် BGF/KNA တပ်သည် မြန်မာနိုင်ငံ အရှေ့ပိုင်း ကရင်ပြည်နယ်အတွင်းရှိ နယ်မြေအချို့ကို ထိန်းချုပ်ထားနိုင်ခဲ့သည်။
အဆိုပါနယ်မြေများအတွင်းတွင် ညှဉ်းပန်းနှိပ်စက်မှု၊ ပြစ်မှုကျူးလွန်စေမှုနှင့် ငွေညှစ်မှုများ အတင်း အကျပ် လုပ်ဆောင်ခြင်းခံနေရသည့် ကမ္ဘာတဝှမ်းမှ လူကုန်ကူးခံရသည့် အလုပ်သမားများဖြင့် လည်ပတ်နေသော တရားမဝင်ကာစီနိုရုံများ၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများနှင့် ဆိုက်ဘာ လိမ်လည်မှုစင်တာများအား အရှိန်အဟုန်ဖြင့် တိုးတက်စေရန် ကရင် BGF/KNA တပ်က ကြီး ကြပ်လုပ်ကိုင်နေသည်။
မြန်မာစစ်အုပ်စုနှင့် ကင်းကွာစေရန် ကြိုးပမ်းသည့်အနေဖြစ် BGF တပ်ကို ၂၀၂၄ ခုနှစ်၊ မတ်လတွင် KNA ဟု အမည်ပြောင်းလဲခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့များက ဗျူဟာအရ အရေးပါသည့် ထိုင်း နယ် စပ်မြို့ မြဝတီအနီးရှိ စစ်အုပ်စု၏ အမှတ် (၂၇၅) ခြေမြန်တပ်ရင်းဌာနချုပ်ကို ဧပြီလတွင် သိမ်းပိုက် ထိန်းချုပ်ခဲ့ပြီးနောက် KNA သည် စစ်အုပ်စုက ယင်းဌာနချုပ်အား ပြန်လည်သိမ်း ပိုက်ခဲ့သည့် တန် ပြန်ထိုးစစ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
သတင်းများအရ ယခုအခါ BGF/KNA တပ်သည် မြဝတီမြို့တွင် လုံခြုံရေးပေးလျက်ရှိပြီး၊ ထိုင်းနိုင်ငံ နှင့် နယ်စပ်ဖြတ်ကျော် တရားဝင်တံတားနှစ်စင်း အပါအဝင် ဌာနအဖွဲ့အစည်းများကို စစ်အုပ်စု တပ် ဖွဲ့များ သိမ်းပိုက်နိုင်ရေး အတွက် ပံ့ပိုးကူညီလျက်ရှိသည်။
ကရင် BGF/KNA တပ်သည် “အွန်လိုင်းစီးပွားရေးလုပ်ငန်းများ” တွင် ပါဝင်ပတ်သက်နေကြသည့် နိုင်ငံခြားသားများအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ထွက်ခွာရန် လိုအပ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သော်လည်း မြန်မာစစ်အုပ်စုအား ပံ့ပိုးကူညီပေးခြင်းဖြင့် အဆိုပါဒေသအတွင်းရှိ ၎င်းတို့၏ ရာဇဝတ်စီးပွားရေး အကျိုးစီးပွားများကို ဆက်လက်ထိန်းချုပ်ထား နိုင်ခဲ့သည်။
အများပြည်သူလက်လှမ်းမီနိုင်သည့် သတင်းရင်းမြစ်များနှင့် ကော်ပိုရိတ်အချက်အလက်များကို အသုံး ပြု၍ Justice For Myanmar သည် ကရင် BGF/KNA တပ်၏ ကော်ပိုရိတ်ဖွဲ့စည်းပုံ၊ ယင်းအဖွဲ့၏ ရာဇဝတ်စီးပွားကွန်ရက်တွင် အဓိကပါဝင်ဆောင်ရွက်နေသူများအကြောင်း သုတေသနပြု ဆန်းစစ် ခဲ့သည်။
သုတေသနဆန်းစစ်မှုတွင် ၂၀၂၂-၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ကော်ပိုရိတ်အချက်အလက်များ (စစ်အုပ်စုက အသုံးပြုခွင့် မပိတ်ပင်ခင်အထိ)၊ ၂၀၂၄ ခုနှစ်အတွင်း ထိုင်းနှင့် ဟောင်ကောင်နိုင်ငံများမှ ကော်ပိုရိတ်အချက်အလက်များ၊ လျှို့ဝှက်ပေါက်ကြားလာသော မြန်မာအခွန်စာရွက်စာတမ်းများ၊ Distributed Denial of Secrets မှ ထုတ်ပြန်သော မှတ်တမ်းများ အပါအဝင် လုပ်ငန်းဆိုင်ရာ စာရွက် စာတမ်းများ၊ ကရင် BGF/KNA တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့မိတ်ဖက်များ၏ လူမှုကွန်ရက်ပို့စ်များ၊ ဆိုက် ဘာ လိမ်လည် ခံရသူများအကြောင်း သို့မဟုတ် ၎င်းတို့ကိုယ်တိုင် ရေးသားထားသည့် လူမှုကွန်ရက် ပို့စ် များ၊ ကုမ္ပဏီဝဘ်ဆိုဒ်များ၊ ဂြိုလ်တုဓါတ်ပုံများ၊ အရပ်ဘက်အဖွဲ့အစည်းနှင့် မီဒီယာများ၏ အစီ ရင်ခံစာများနှင့် သတင်းများကို အသုံးပြုထားသည်။
ကရင် BGF/KNA တပ်သည် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နိုင်ငံတကာရာဇဝတ်ဥပဒေ ချိုး ဖောက်မှုများ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများတွင် ဆင်လက်ပါဝင်ပတ်သက်မှုများရှိနေသော်လည်း BGF/ KNA တပ်မှ လူပုဂ္ဂိုလ်နှစ်ဦးနှင့် ၎င်းတို့၏ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တစ်ဦးကိုသာ ယူကေ တစ်နိုင်ငံတည်းက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။
အစိုးရများအနေဖြင့် ကရင် BGF/KNA တပ်၊ စံမြင့် (စောချစ်သူ) နှင့် ၎င်းမိသားစု အပါအဝင် ယင်း အဖွဲ့အစည်း၏ ကုမ္ပဏီနှင့်လူပုဂ္ဂိုလ်များ ကွန်ရက်အပေါ် တညီတညွတ်တည်း ဒဏ်ခတ်ပိတ်ဆို့မှုများ အမြန်ဆုံး ချမှတ်ရန် Justice For Myanmar က တောင်းဆိုသည်။
ဒေသတွင်းရှိ အစိုးရများအနေဖြင့် မြန်မာနိုင်ငံအတွင်း ကျူးလွန်သည့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ကျူးလွန်ခြင်း၊ အားပေးကူညီခြင်းဖြင့် အကျိုးအမြတ် ရရှိနေကြသည့် မိမိတို့နိုင်ငံသားများ၊ နိုင်ငံအတွင်း နေထိုင်သူများနှင့် မိမိတို့နိုင်ငံတွင် မှတ်ပုံတင်ထား သည့် ကုမ္ပဏီများအပေါ် အရေးယူဆောင်ရွက်သင့်သည်။ အရေးယူဆောင်ရွက်ရာတွင် ပါဝင်ပတ် သက်မှု အတိုင်းအတာပေါ်မူတည်၍ လိုင်စင်နှင့် လုပ်ပိုင်ခွင့်များ ငြင်းပယ်ခြင်း၊ ကုမ္ပဏီမှတ်ပုံတင် စာရင်းနှင့် စတော့အိတ်ချိန်းစာရင်းများမှ ပယ်ဖျက်ခြင်း၊ ဗီဇာပိတ်ပင်ခြင်း၊ စီမံကြီးကြပ်ရေးဆိုင်ရာ ပြစ်ဒဏ်များချမှတ်ခြင်း၊ ဘဏ်အကောင့်များ ပိတ်သိမ်းခြင်း၊ အသုံးပြုမှုများအား ဖြတ်တောက်ခြင်း၊ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းနှင့် ရာဇဝတ်ကြောင်းအရ တရားစွဲဆိုခြင်းများ ပါဝင်နိုင်သည်။
မိသားစုစီးပွားရေးလား?
Karen BGF/KNA ကို အသက် ၅၄ နှစ်အရွယ်၊ ဗိုလ်မှူးကြီးအဆင့်ရှိသူ စံမြင့် (စောချစ်သူဟုလည်း သိ ကြသူ) က ဦးဆောင်သည်။ စံမြင့်သည် ပြည်သူ့စစ်အဖွဲ့၏ အထွေထွေအတွင်းရေးမှူးနှင့် “အကြီး တန်းအကြံပေး” လည်း ဖြစ်သည်။
စံမြင့် (စောချစ်သူ)သည် KNU အထူးတပ်ရင်း ၁၀၁ တွင် ပါဝင်ခဲ့ပြီး၊ ယင်းနောက်တွင် KNU ခွဲထွက် အဖွဲ့ဖြစ်သည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) တွင် ဦးဆောင်သူ တစ်ဦး ဖြစ်လာခဲ့သည်။
DKBA သည် ထိုစဉ်က စစ်အုပ်စုနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် DKBA သည် မြန်မာစစ်အုပ်စု၏ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များညွှန်ကြားမှုးရုံးအောက်တွင် “နယ်ခြားစောင့်တပ်ဖွဲ့” အဖြစ် ပြောင်းလဲခဲ့သည်။
မြန်မာစစ်အုပ်စု၏ ကွပ်ကဲမှုအောက်သို့ ပေါင်းစည်းခြင်းနှင့် စစ်မြေပြင်ပံ့ပိုးကူညီမှုများပေးအပ်ခြင်း ကြောင့် အပြန်အလှန်အားဖြင့် စံမြင့် (စောချစ်သူ)၊ ၎င်း၏ မိသားစုဝင်များနှင့် အပေါင်းအပါများသည် စစ်အုပ်စုက ပေးအပ်ခဲ့သည့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများမှ အကျိုးအမြတ်ရရှိခဲ့ကြပြီး၊ အကျိုး အမြတ် ကြီးမားသည့် ရာဇဝတ်စီးပွားရေးလုပ်ငန်းများ တည်ထောင်စီမံခန့်ခွဲရန် မြေနေရာများလည်း ရရှိခဲ့သည်။
ထို့အတူ မြန်မာစစ်အုပ်စုသည်လည်း နယ်ခြားစောင့်တပ်၏ အုပ်စုဖွဲ့ရာဇဝတ်လုပ်ငန်းများမှ ရရှိ သော အခွန်ငွေများမှတဆင့် အကျိုးအမြတ် ပြန်လည်ရရှိခဲ့သည်။
ကရင် BGF တပ်သည် အကျင့်ပျက်ခြစားမှု အမြစ်တွယ်နေသည့် စစ်အုပ်စုစီးပွားရေးလုပ်ငန်းစုကြီး မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (ဦးပိုင်)မှတဆင့်လည်း အခွန်ဝင်ငွေ အကျိုးအမြတ်များ ရရှိနေ သည်။ Justice For Myanmar က ထုတ်ပြန်ခဲ့သည့် လျှို့ဝှက်ပေါက်ကြားလာသော ၂၀၁၀-၁၁ ရှယ် ယာရှင် အစီရင်ခံစာတွင် နယ်ခြားစောင့်တပ်ရင်းတစ်ခုခြင်းစီသည် ရှယ်ယာများ ပိုင်ဆိုင်ထားကြောင်း ဖော်ပြနေသည်။
ကရင် BGF တပ်တွင် တပ်နယ် ၄ ခု၊ စုစုပေါင်း နယ်ခြားစောင့်တပ်ရင်း ၁၃ ရင်း ပါဝင်ပြီး အဆိုပါ တပ်ရင်း အားလုံးသည် စံမြင့် (စောချစ်သူ) ၏ ဆက်လက်ဦးဆောင်မှုအောက်တွင် KNA အဖြစ် အမည်ပြောင်းလဲရန် သဘောတူညီခဲ့ကြသည်။
စံမြင့်(စောချစ်သူ) သည် အနည်းဆုံး BGF/KNA တပ်ကုမ္ပဏီ ၅ ခုတွင် ရှယ်ယာများပိုင်ဆိုင်ထားပြီး၊ ဒါရိုက်တာအဖြစ် ပါဝင်နေသည်။
ယခင်က ၎င်းအနေဖြင့် “အကြံပေးအတိုင်ပင်ခံ” အဖြစ်သာရှိကြောင်း ပြောဆိုထားသော်လည်း အဓိ က ပြည်သူ့စစ်စီးပွားရေးလုပ်ငန်းများကို ၎င်း၏မိသားစုနှင့်အတူ ထိန်းချုပ်ထားသည်။
စံမြင့် (စောချစ်သူ) တွင် သားနှစ်ယောက်ရှိသည်။ အသက် ၃၂ နှစ်အရွယ် စောထူးအယ်မူးနှင့် အ သက် ၂၈ နှစ်အရွယ် စောချစ်ချစ်တို့ ဖြစ်ကြပြီး၊ ၎င်းတို့နှစ်ဦးလုံးသည် ကရင် BGF/KNA တပ်တွင် ဗိုလ်မှူးအဆင့် ရာထူးများ ရှိကြသည်။
စောထူးအယ်မူးသည် BGF/KNA တပ်စီးပွားရေး လုပ်ငန်း များတွင် ကြီးကြီးမားမား ပါဝင်ပတ်သက် နေပြီး၊ ဆိုက်ဘာငွေလိမ်လုပ်ငန်းခြံဝန်းကြီးနှစ်ခုအပါအဝင် ကရင် BGF/KNA တပ်ကုမ္ပဏီနှင့် ဖက်စပ် လုပ်ငန်း ၉ ခုတွင် ရှယ်ယာများပိုင်ဆိုင်ကာ ဒါရိုက်တာအဖြစ် ပါဝင်နေသည်။
စောချစ်ချစ်သည် စစ်အုပ်စုနှင့် အတူလက်တွဲတိုက်ခိုက်နေသည့် စစ်ဆင်ရေးများတွင် ပါဝင်နေပြီး၊ တော်လှန်ရေးတပ်ဖွဲ့များနှင့် ဖြစ်ပွားသောတိုက်ပွဲများတွင် ကရင် BGF/KNA တပ်ရင်းများကို ကွပ်ကဲ လျက်ရှိသည်။
စောချစ်ချစ်သည်လည်း အနည်းဆုံး ကရင် BGF/KNA တပ်စီးပွားရေးလုပ်ငန်း ၅ ခုတွင် ရှယ်ယာများ ပိုင်ဆိုင်ထားပြီး၊ ဒါရိုက်တာအဖြစ် ပါဝင်နေသည်။
စံမြင့် (စောချစ်သူ) တွင် အသက် ၂၆ နှစ်အရွယ် သမီးတစ်ဦးရှိပြီး၊ သူမအမည်မှာ နန်းနှင်းနန္ဒာအေး ဖြစ်သည်။ စံမြင့်သည်သမီးဖြစ်သူအား TMC Academy Singapore နှင့် ယူကေနိုင်ငံရှိ University of Northampton တို့တွင် ပညာသင်ကြားစေခဲ့ပြီး စီးပွားရေးနှင့်စီမံခန့်ခွဲမှုဘွဲ့ကို ရရှိခဲ့သည်။
နန်းနှင်းနန္ဒာအေးသည် အနည်းဆုံး ကရင် BGF/KNA တပ်စီးပွားရေးလုပ်ငန်း ၄ ခုတွင် ရှယ်ယာများ ပိုင်ဆိုင်ထားပြီး၊ ဒါရိုက်တာအဖြစ် ပါဝင်နေသည်။
စံမြင့် (စောချစ်သူ) ၏ ဇနီးဖြစ်သူ နန်းခင်လှသူသည် မိသားစုစီးပွားရေးလုပ်ငန်းအချို့တွင် ပါဝင်ပတ် သက်သည်ကို သူမ၏ လူမှုကွန်ရက်ပို့စ်များအရ သိရှိရသော်လည်း မည်သည့်ကုမ္ပဏီတွင်မှ ရှယ်ယာ များ ပိုင်ဆိုင်ခြင်း သို့မဟုတ် ဒါရိုက်တာအဖြစ် ပါဝင်ခြင်း မရှိသည်ကို တွေ့ရသည်။ သူမသည်လည်း ကရင် BGF/KNA တပ်ရာဇဝတ်မှုလုပ်ငန်းများမှ အကျိုးအမြတ်များ ရရှိနေသည်။
စံမြင့် (စောချစ်သူ)နှင့် ၎င်း၏ သားသမီးသုံးဦးတို့၏ ရှယ်ယာများကို ပေါင်းစည်းလိုက်မည်ဆိုပါက ၎င်းတို့မိသားစုသည် ကရင် BGF/KNA တပ်စီးပွားရေးလုပ်ငန်း ၆ ခု၏ ၅၀ ရာခိုင်နှုန်း သို့မဟုတ် ထို့ ထက်ပို၍ ပိုင်ဆိုင်ထားကြောင်း စစ်အုပ်စုက ပိတ်ပင်လိုက်ခြင်းမပြုမီ ၂၀၂၂ ခုနှစ် မြန်မာကော်ပိုရိတ် မှတ်ပုံတင်မှတ်တမ်းများအရ သိရသည်။
၁။ ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီလီမိတက် (၆၅ %)
၂။ ချစ်လင်းမြိုင်သတ္တုတူးဖော်ရေးနှင့် စက်မှုကုမ္ပဏီ (၆၈ %)
၃။ ဒေါနသန်လွင်ကုမ္ပဏီလီမိတက် (၆၀ %)
၄။ ထူးသစ္စာအောင်ကုမ္ပဏီလီမိတက် (၈၀ %)
၅။ ထူးမေတ္တာထူးကုမ္ပဏီလီမိတက် (၇၀ %)
၆။ ရွှေပဒေသာမြိုင်ကုမ္ပဏီလီမိတက် (၅၀ %)
စံမြင့် (စောချစ်သူ) နှင့် သူ၏မိသားစုသည် မြန်မာစစ်အုပ်စု၏ ပံ့ပိုးကူညီမှုနှင့်အတူ ၎င်းတို့၏ တရား မဝင်စီးပွားရေးလုပ်ငန်းများမှတဆင့် ရရှိသည့် ငွေကြေးများဖြင့် ခမ်းနားစွာ နေထိုင်ကြသည်။
အဆိုပါပြည်သူ့စစ်အဖွဲ့၏ စီးပွားရေးကွန်ရက်တွင် အခြားအဆင့်မြင့် BGF/KNA အဖွဲ့ဝင်နှစ်ဦး ပါဝင် သည်။
ဒီမိုကရက်တစ် ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်တွင် ယခင်တပ်ရင်းမှူးဖြစ်ခဲ့သူ ဗိုလ်မှူးကြီး စောမင်းမင်းဦးသည် ကရင် BGF/KNA တပ်၏ အဓိကကုမ္ပဏီများကို စီမံခန့်ခွဲသည့် အခန်းကဏ္ဍမှ ပါဝင်သည်။
၎င်းအနေဖြင့် အနည်းဆုံး ကရင် BGF/KNA တပ်စီးပွားရေးလုပ်ငန်း ၇ ခုတွင် ရှယ်ယာရှင်နှင့် ဒါရိုက် တာအဖြစ် ပါဝင်ထားပြီး ၎င်း၏ ပိုင်ဆိုင်မှုသည် အများဆုံး ၂၀ ရာခိုင်နှုန်းအထိ ရှိသည်။
ယခု ဖျက်သိမ်းထားသည့် ချစ်လင်းမြိုင်ကုမ္ပဏီတွင် စံမြင့် (စောချစ်သူ) ကို ကုမ္ပဏီ၏ မန်းနေးဂျင်း ဒါရိုက်တာအဖြစ် တရားဝင်ဖော်ပြထားသော်လည်း စောမင်းမင်းဦးကသာ မန်းနေးဂျင်းဒါရိုက်တာ တာဝန်ယူထားကြောင်း သတင်းများက ဖော်ပြထားသည်။
စောမင်းမင်းဦးသည် Myanmar Yatai International Holding Group Company Limited တွင် ကရင် BGF/KNA တပ်၏ တစ်ဦးတည်းသော ကိုယ်စားလှယ်ဖြစ်ပြီး အဆိုပါကုမ္ပဏီတွင် ကရင် BGF/ KNA တပ်၏ ပိုင်ဆိုင်မှု ၂၀ ရာခိုင်နှုန်းသည် သူ၏ နာမည်ဖြင့် ဖြစ်သည်။
စောတင်ဝင်းသည် ကရင် BGF/KNA တပ်၏ ဗိုလ်မှူးတစ်ဦးဖြစ်ပြီး၊ ကရင် BGF/KNA တပ်ကုမ္ပဏီ များ ဖြစ်သည့် ရွှေမြစ်သောင်ရင်းဟိုးဒင်းလီမိတက်နှင့် ရွှေမြစ်သောင်ရင်းစက်မှုနှင့် ထုတ်လုပ်ရေး ကုမ္ပဏီလီမိတက်တို့ကို ဇနီးဖြစ်သူ နန်းမြင့်မြင့်ဝင်းနှင့်အတူ ထိန်းချုပ်ထားသည်။
ရွှေမြစ်သောင်ရင်းစက်မှုနှင့် ထုတ်လုပ်ရေးကုမ္ပဏီလီမိတက်သည် ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အား တင်သွင်းရန် သဘောတူစာချုပ် ချုပ်ဆိုထားပြီး၊ မြဝတီမြို့နယ်အတွင်းရှိ ငွေလိမ်စင်တာများနှင့် အွန်လိုင်းကာစီနိုလောင်းကစားလုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အားပေးပို့လျက်ရှိသည်။
(ထိုင်းနိုင်ငံသည် ရွှေကုက္ကိုလ်မြို့နှင့် လေးကေ့ကော်မြို့တို့ကို လျှပ်စစ်ဓာတ်အားရောင်းချမှုကို ရပ် ဆိုင်းကြောင်း ၂၀၂၃ ခုနှစ်တွင် ကြေညာခဲ့သည်)
စောမင်းမင်းဦးနှင့် စောတင်ဝင်းတို့ နှစ်ဦးလုံးသည် သတ္တုလုပ်ငန်းမြှင့်တင်ရေး လုပ်ဆောင်ရန် ၂၀၀၉ ခုနှစ်တွင် တည်ထောင်ခဲ့သည် မြန်မာနိုင်ငံစက်မှုလုပ်ငန်းသုံး သတ္တုကုန်ကြမ်း ထုတ်လုပ်သူများ ပူး ပေါင်း အသင်းကို ပူးတွဲတည်ထောင်သူများ ဖြစ်ကြသည်။
ယင်းကုမ္ပဏီတွင် စောမင်းမင်းဦးက ဒုတိယဥက္ကဌအဖြစ် ဆောင်ရွက်ပြီး၊ စောတင်ဝင်းက အမှုဆောင် ကော်မတီအဖွဲ့ဝင်အဖြစ် ဆောင်ရွက်သည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ယူကေနိုင်ငံက စံမြင့် (စောချစ်သူ) နှင့် စောမင်းမင်းဦးတို့အား ဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။
အကြောင်းပြချက်ပေးရာတွင် “၎င်းတို့သည် ရွှေကုက္ကိုလ် အထူးစီးပွားရေးဇုန်သို့ လူကုန်ကူးခြင်းများ အတွက် ပံပိုးကူညီမှုများ ပေးအပ်ခြင်း သို့မဟုတ် ထိုမှအကျိုးအမြတ်များရရှိခြင်းအတွက် တာဝန်ရှိသူ များ ဖြစ်ကြသည်။
လူကုန်ကူးခံရသူများအနေဖြင့် ငွေကြေးလိမ်လည်သူအဖြစ် အတင်းအကျပ် ခိုင်းစေခံရပြီး၊ ရက်စက် ကြမ်းကြုတ်မှု၊ လူမဆန်မှုနှင့် ယုတ်ညံ့သောဆက်ဆံမှုနှင့် ပြစ်ဒဏ်ပေးမှုများနှင့်လည်း ရင်ဆိုင်ကြရ သည်” ဟု ဖော်ပြထားသည်။
ကရင်BGF/KNA တပ်ဖွဲ့ဝင်များတွင် ယခုအချိန်အထိ ဒဏ်ခတ်ပိတ်ဆို့ခံရသည်မှာ ၎င်းတို့နှစ်ဦးတည်း သာ ရှိနေသေးပြီး၊ မည်သည့် ကရင် BGF/KNA တပ်ကုမ္ပဏီကိုမှ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ် ထား ခြင်း မရှိသေးပေ။
လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ကရင် BGF/KNA တပ်နယ်မြေသည် အရှေ့တောင်အာရှရှိ ဆိုက်ဘာ ငွေလိမ်လုပ်ငန်းစင်တာနှင့် တရားမဝင်အွန်လိုင်းလောင်းကစားကွန်ရက်အတွက် အဓိကနေရာတစ်ခု ဖြစ် လာခဲ့သည်။ထိုကွန်ရက်မှတဆင့် ရာဇဝတ်လုပ်ငန်းအုပ်စုများသည် ဒေါ်လာဘီလီယံနှင့်ချီ၍ ဝင် ငွေရရှိခဲ့ကြ သည်။
ကရင် BGF/KNA တပ်ခေါင်းဆောင်များသည် မြေနေရာပိုင်ဆိုင်ထိန်းချုပ်မှုမှ တဆင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများမှ အကျိုးအမြတ်များရရှိနေပြီး ဖက်စပ်ကုမ္ပဏီများမှတဆင့် အိမ်ခြံမြေလုပ်ငန်းများ တွင် တိုက်ရိုက်ပိုင်ဆိုင်မှုများအပြင် အခွန်ငွေ၊ လုံခြုံရေးဝန်ဆောင်မှု၊ မှောင်ခိုလုပ်ငန်း၊၊ လူကုန်ကူး ခြင်းနှင့် အသုံးအဆောင်ပစ္စည်းများ ရောင်းချခြင်းတို့မှလည်း အကျိုးအမြတ်များ ရရှိနေကြသည်။
အရှေ့တောင်အာရှဒေသရှိ ဆိုက်ဘာလိမ်လည်မှုများအား မှတ်တမ်းတင်၊ ဖော်ထုတ်ရန် တည်ထောင် ထားသည့် စီမံကိန်းတစ်ခုဖြစ်သော Cyber Scam Monitor သည် ဆိုက်ဘာလိမ်လည်မှု စီးပွားရေး ပုံစံ အကြောင်း ရှင်းပြရာတွင် “အချို့ဖြစ်ရပ်များတွင် ကုမ္ပဏီပေါင်းများစွာကို လက်ခံနေရာပေးနိုင် သည့် ကြီးမားသောခြံဝန်းကြီးများကို တည်ဆောက်ထားကြပြီး အချို့ဖြစ်ရပ်များတွင် ဟိုတယ်နှင့် ကွန်ဒို များကို လုပ်ငန်းလုပ်ဆောင်သူများအတွက် ငှားရမ်းကြသည်။
အများသူငှာကစားနိုင်သည့် ကာစီနိုလုပ်ငန်းများသည် အွန်လိုင်းလုပ်ငန်းများကို ဖုံးကွယ်ထားသည်။
ဖြစ်ရပ်အများစုတွင် အဆိုပါလုပ်ငန်းများကို လူဆိုးဂိုဏ်းများနှင့် ရာဇဝတ်လုပ်ငန်းအဖွဲ့အစည်းများက ထိန်းချုပ်ထားပြီး၊ ဒေသတွင်း အထက်တန်းလွှာများနှင့်လည်း ဆက်နွှယ်မှုများရှိသောကြောင့်လည်း ကောင်း အနိမ့်ဆုံးအားဖြင့် ၎င်းတို့၏ တိတ်တဆိတ် ခွင့်ပြုချက်နှင့် အကာအကွယ်ပေးမှုများ ရှိနေကြ သည်” ဟု ပြောကြားထားသည်။
(Justice For Myanmar ၏ စစ်တမ်းအတိုင်း ပြန်လည်တင်ပြထားခြင်းဖြစ်ပါသည်။) အပိုင်း ၂ ကို ဆက်လက်ဖတ်ရှုရန်
D Day News