ဝိုင်းမော်မြို့နယ်၊ ဗလမင်းထင်တံတားဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု ရဲမှူးတင်ကိုကိုအပါအဝင် ၆ ဦး သေဆုံး
D Day News
မေလ ၁၁
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနာကျေးရွာအဝင်ရှိ ဗလမင်းထင်တံတား အကြမ်းဖက်စစ်တပ် ကို ဝင်ရောက်တိုက်ခိုက်မှုအတွင်း ရဲမှူးတင်ကိုကို အပါအဝင် ၆ ဦးသေဆုံးခဲ့ကြောင်း KIA နှင့်နီးစပ်သူ သတင်းရင်းမြစ်ထံက သိရသည်။
မေလ ၉ ရက် ညနေ ၃ နာရီခန့်က မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်း ထင်တံတားအနီး ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအဝင်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – K -PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲမှူးတင်ကိုကို အပါအဝင် ၆ ဦး ပွဲချင်းပြီးသေဆုံးပြီး ၅ ဦးခန့်အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ယင်းဂိတ် စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံမှုကြောင့် မြစ်ကြီးနားမြို့ အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် -မပခ တိုင်းမှူး ဗီုလ်ချုပ် အောင်ဇော်ထွေးက အကြီးအကျယ်ပေါက်ကွဲကာ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တွင်း၌ ည ၉ နာရီအချိန်နောက်ပိုင်းမှစ၍ လမ်းသွားလမ်းလာများ အားလုံးကို ဖမ်းဆီးရန်နှင့် ထွက်ပြေးပါက ပစ် သတ်ရန် အရေးပေါ်ညွှန်ကြားခဲ့ကြောင်း သိရသည်။
ယင်းဂိတ်သည် စစ်ကောင်စီတပ်၊ ရဲနှင့် ဌာနဆိုင်ရာများက ဗလမင်းထင်တံတားတွင် ဂိတ်ချ၍ စစ် ဆေးမှုများ လုပ် ဆောင်လေ့ရှိသော ဂိတ်ပြီး သေဆုံးသူ ရဲမှူး တင်ကိုကိုသည် ဗလမင်းထင်တံတား ဂိတ်တွင် ပြည်နယ်ရဲရုံးက တာဝန်ချထားခြင်းခံထားရခြင်းဖြစ်ကြောင်း၊ ၎င်းသည် ၀ိုင်းမော်မြို့နယ် ရဲစခန်းမှူးအဖြစ်မှ ပြည်နယ်ရဲရုံးသို့ ရောက်ရှိသွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါစုပေါင်းဂိတ်သည် စစ်တပ်အာဏာသိမ်းပြီးနောက် မကြာခဏပစ်ခတ်တိုက်ခိုက်ခံရလေ့ရှိပြီး ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့ကလည်း တစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
D Day News