Read Time:1 Minute, 1 Second
ကဗျာကဏ္ဍ “နွေနေ့ဆုမွန်”
ပျိုးကြဲလက်
နွေဦးတိုက်ပွဲ ၊ စစ်ဆင်နွှဲက
ဆကဲရန်ငုတ် ၊ ပြုတ်ကြစေ ။
နွေ၏သတင်း ၊ ဘယာကင်း၍
အောင်ခြင်းဝေဖြာ ၊ ရှိပါစေ ။
ရန်သူမှန်က ၊ လက်နက်ချ၍
ပျော်ကြပါစေ ၊ ချမ်းသာစေ ။
ရန်စွယ်ငြှောင့်ကင်း ၊ စစ်တလင်းပင်
ပန်းခင်းဖြာဝေ ၊ ပေါက်ပါစေ ။
တမိတည်းဖွား ၊ တိုင်းရင်းသားတို့
ချစ်အားဖက်ပြိုင် ၊ နိုင်ကြစေ ။
ဖယ်ဒရယ်စစ် ၊ ပြည်ထောင်သစ်တွင်
လူညစ်လူညံ့ ၊ လူ့ကန့်လန့်တို့
တည်တံ့မည့်ဘေး ၊ ဝေးပါစေ ။
ဪ
နွေကုန်မိုးသစ် ၊ ဆောင်းအလှစ်တွင်
ပြည်ချစ်သာကီ ၊ သားဇာနည်တို့
ညီနောင်စစ်မို့ငြိမ်းစေသော် ။
ကွယ်
ပြည်ထောင်သစ်သို့ကိန်းစေသော် ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မေလ ၂ ရက် သန်းခေါင်းယံအချိန် ၁၂ နာရီ ၃၈ မိနစ်
Thanlwin Myanmar Media