ကော့ကရိတ်မြို့နယ်တွင် စစ်တပ်က ဘုန်းကြီးကျောင်းကို ပစ်မှတ်ထားကာ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှု အသက် ၃ နှစ်၊ ၉ နှစ်အရွယ် ကလေး ၃ ဦးအပါအဝင် ပြည်သူ ၆ ဦးသေဆုံးပြီး အများ အပြား ဒဏ်ရာရ
သံလွင်မြန်မာသတင်း
ဧပြီလ ၁၆
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းကို ပစ် မှတ်ထားကာ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၃ နှစ်၊ ၉ နှစ်အရွယ် ကလေး ၃ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဧပြီလ ၁၅ ရက် မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်က (သင်္ကြန်အကြတ်နေ့) ကော့ကရိတ်မြို့နယ် ၊ ကျုံဒိုး မြို့၊ ကမ်းနီစံပြကျေးရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီက YAK-130 လေယာဉ်ဖြင့် ဗုံးသီး အလုံး ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ရာ မင်းလင်းပြည့်အောင် (၉) နှစ်၊ မင်းကွန်ဗလဲ (၃) နှစ်၊ ကို မျိုး (၃၄) နှစ်၊ ဒေါ်သိန်းရှင် (၇၆) နှစ်၊ မိကျဲကျဲမွန် (၃) နှစ်၊ မိပိုးဖူးဇင် (၁၅) နှစ် တို့ပွဲချင်းပြီး သေဆုံး ပြီး အရပ်သားပြည်သူ (၇) ဦး၊ ကိုရင် (၈) ပါး၊ ဦးဇင်း (၂) ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ၏ ကျုံဒိုးမြို့ရှိ ခမရ ၅၄၅၊ ခမရ ၅၄၆ တပ်ရင်းတို့ မှ ပြည်သူများရှိ နေ သည့် ရေပူကြီး၊ ကော့ဝါလဲ၊ ဝင်းပြ၊ နောင်တမံ၊ သမိန်ဒွတ်၊ တောင်ကမ္မရိုက်၊ မိဂလုံ၊ ကမ်းနီစံပြ ကျေးရွာများအား လက်နက်ကြီးဖြင့် ဆက်တိုက် ပစ်ခတ်နေဆဲဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေးသတင်းများနားစွင့်၍ ဂရုစိုက်နေထိုင်ကြရန် Mon Liberation Army က မေတ္တာရပ်ခံထုတ်ပြန်ထားသည်။
ထို့အပြင် ဧပြီလ ၁၀ ရက် ညနေ ၆ နာရီခန့်ကကော့ကရိတ် မြို့နယ်၊ မောင်းမရွာသစ်ကျေးရွာ အ တွင်းသို့ ကော့ကရိတ်မြို့၌ တပ်စွဲထားသော အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ဒရုန်း ဖြင့် ဗုံးကြဲချခဲ့ရာ ကျေးရွာနေ အသက် (၁၀) နှစ်အရွယ် မိန်းကလေး တစ်ဦး၊ အသက် (၅၅) နှစ် အရွယ် အမျိုသား တစ်ဦး နှင့် အသက် (၅၀) နှစ်အရွယ် အမျိုးသမီး တစ်ဦး ထိမှန်ဒဏ်ရာရခဲ့ ကြောင်း သိရသည်။
ဧပြီလ ၈ ရက် ည ၁၀ နာရီ ၂၇ မိနစ်ကလည်း ကော့ကရိတ်မြို့တွင် တပ်စွဲထားသော အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ၁၂၀ မမ နှင့် ၁၂၂ မမ လက်နက်ကြီးများဖြင့် အံကောင်ကျေးရွာ၊ ကျိုက်သလိုက် ကျေးရွာ နှင့် ဒေါက်ပလန် ကျေးရွာများအတွင်းသို့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အံကောင် ကျေးရွာနေ အသက် (၄၀) နှစ်အရွယ် အမျိုးသား တစ်ဦး၊ အသက် (၂၆) နှစ်အရွယ် အမျိုးသား တစ်ဦး၊ အသက် (၁၄) နှစ်အရွယ် မိန်းကလေး တစ်ဦး၊ အသက် (၉) နှစ်အရွယ် ယောက်ျားလေး တစ်ဦး နှင့် အသက် (၆) နှစ်အရွယ် ယောက်ျားလေး တစ်ဦး ထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ထို့အပြင် အံကောင်ကျေးရွာရှိ ပြည်သူနေအိမ် (၂) လုံးထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုအပြီး ကယ်ဆယ်ရေးကာလဖြစ်သော်လည်း အာဏာသိမ်း အကြမ်း ဖက် စစ်ကောင်စီတပ်သည် အပြစ်မဲ့ပြည်သူများအား ရည်ရွယ်ချက်ရှိရှိဖြင့် နေ့စဥ်နှင့်အမျှ ဗုံးကြဲ၊ ပစ်ခတ်လျက်ရှိကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
Photo – အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးထိခိုက်ဒဏ်ရာရ ကလေးငယ်များ အပါအဝင် အပြစ်မဲ့ပြည်သူများ။
Thanlwin Myanmar Media