ဝမ်းတွင်းမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ ရစ်ချ်တာစကေး ၅ ဒသမ ၉ အဆင့်ရှိ မြေငလျင်ထပ်လှုပ်။ လူနေအိမ်များ ပြိုကျမှုရှိနိုင်
သံလွင်မြန်မာသတင်း
ဧပြီလ ၁၃
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ ရစ်ချ်တာစကေး ၅ ဒသမ ၉ အဆင့်ရှိ မြေငလျင်ထပ်မံလှုပ်ခတ်ခဲ့ရာလူနေအိမ်များ ပြိုကျမှုရှိနိုင်ကြောင်း NUG အစိုးရက ထုတ်ပြန်ချက်နှင့်ဒေသနေပြည်သူများထံမှ သိရသည်။
ယနေ့ ဧပြီလ ၁၃ ရက် မြန်မာစံတော်ချိန် နံနက် ၈ နာရီ ၅၄ မိနစ်က မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ချ်တာစကေး ၅ ဒသမ ၉ အဆင့်နှင့် အင်အား အ သင့် အတင့်ရှိသည့် မြေငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
“ဒီမနက် ငလျင်လှုပ်တာ လူပါမူးနောက်အော့အန်သွားတယ်၊ ဆိုင်က ပြိုတော့မလားမသိဘူး၊ အုတ် တွေ အချပ်လိုက်ဖောင်းကားကြွတက်နေပြီ။ ၂၈ နေ့ကတည်းကစပြီး နေစဉ်လှုပ်နေတာ။ ကျမတို့ ဘက်မှာက ၅ ဒသမကျော်ရင် အိမ်တွေပြိုတယ်။ ဒီမနက်လည်းကျော်လောက်တယ်။ အခြားရွာတွေ ဘက်တော့ ပြိုကျနိုင်တယ်။ သတင်းမကြားရသေးတာ တစ်ခုပဲ။” ဟု ပင်းတယမြို့နေပြည်သူတစ်ဦး က သံလွင်မြန်မာသတင်းဌာနထံသို့ ပြောကြားသည်။
ဧပြီလ ၁၁ ရက်နေ့က နံနက် ၁၁ နာရီခွဲခန့်က စစ်ကိုင်းငလျင်ကြီး၏ နောက်ဆက်တွဲငလျင်ငယ်များ အဖြစ် ၅ ဒသမ ၅ ဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ရာ ပင်းတယမြို့နယ်၊ ရှားပြားကျေးရွာတွင်နေအိမ်များ ပြိုကျမှုရှိခဲ့ကြောင်း သိရသည်။
စစ်ကိုင်းငလျင်ကြီး၏ နောက်ဆက်တွဲ ငလျင်ငယ်များဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင် ဘေးဆောင်ရန် ၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် နှင့် မြေငလျင်တိုင်းတာစက် များနှင့် ဗဟိုချက်၏ အနီးအဝေးပေါ်မူတည်၍ ငလျင်အင်အားပမာဏ အနည်းငယ်ကွာ ခြားမှု ရှိနိုင် ကြောင်း NUG အစိုးရက ထုတ်ပြန်ထားသည်။
Photo – မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သွားသော စစ်ကိုင်းမြေငလျင်ကြောင့် ပြိုကျသွားသော ပင်းတယမြို့၊ ရွှေဥမင်တောင်ခြေရှိ ဘုရားစေတီများ
Thanlwin Myanmar Media