ရွှေကျင်မြို့နယ်တွင် စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ခုခံပစ်ခတ်ရင်း PDF တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးပြီး စစ်သား ၉ ဦး သေဆုံး (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဧပြီလ ၁၃
ပဲခူးတိုင်း ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာကို စစ်တပ်စစ်ကြောင်းက ထိုးစစ်ဆင်တိုက် ခိုက်မှုကြောင့် ခုခံပစ်ခတ်တိုက်ခိုက်ခဲ့ရာ PDF တပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်မှလည်း ၉ ဦး သေဆုံးခဲ့ကြောင်း တောင်ညိုစစ်ကြောင်းထံမှ သိရသည်။
ဧပြီလ ၁၁ ရက် နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာ၌ လုံခြုံ ရေးယူနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက် စစ်ကောင်စီ၏ ခမရ ၅၉၈ တပ် ရင်းမှ စစ်သားအင်အား ၁၀၀ ခန့်ဖြင့် နှစ်ဖက်ညှပ်ပိတ်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ခုခံပစ်ခတ်တိုက် ခိုက်ရင်း PDF တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။
“ကျနော်တို့ တပ်စိပ်ကင်းစောင့်နေတာကို ဝင်ပစ်တာ၊ အတော်ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်။ နှစ် ဖက် ညှပ် ဝင်တာ။ အင်အားမမျှလို့ ပြန်ဆုတ်တဲ့အချိန် ကျန်တဲ့ရဲဘော်တွေ ဆုတ်ခွာခွင့်ရအောင် အခုကျဆုံးသွားတဲ့ရဲဘော် ၃ ဦးက ကာပစ်ပေးနေခဲ့တာ၊ သူတို့ ကာပစ်ပေးလို့လည်း ကျန်တဲ့ ရဲ ဘော်တွေမထိပါမထိတာပါ၊ ဒဏ် ရာရတဲ့ ရဲဘော် တစ်ယောက်လည်း ခေါ်ထုတ်နိုင်ခဲ့တယ်။ ဖြတ် ပေးရတာက လယ်ကွင်းပြင်ကြီးထဲ၊ ဘာအကာအကွယ်မရှိဘူးပဲဖြတ်ပေးရတာ။ သူတို့ ၃ ယောက်က ကာပစ်ပေးရင်း ကျဆုံးသွားရတာပါ” ဟု တောင်ညိုစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
ထိုသို့ ခုခံပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို တောင်ညို တပ်ရင်း ၊ ဝေမြို့နယ် ပကဖ နှင့် အင်းတကော် ပကဖ အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ တရားသောစစ်အတွက် ဆက်လက် တိုက်ပွဲဝင်နေပါ့မယ်လို့ပဲ ကျဆုံးသွားတဲ့ ရဲဘော်တွေ ကို ကတိပေးချင်ပါတယ်” ဟု တောင်ညိုစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
Thanlwin Myanmar Media