၂၅ ကြိမ်မြောက် ငွေရတုကယန်းအမျိုးသားနေ့အခမ်းအနားကျင်းပရာ သိကျိတ်ကျေးရွာကို စစ် ကောင်စီက ဗုံးကြဲမှုသည် တိုင်းရင်းသားလူနည်းစုအခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံ နှုန်းသတ် မှတ်ချက်များကို ဗြောင်အတိအလင်းချိုးဖောက်ခြင်းဟု ကယန်းပြည်သစ်ပါတီထုတ်ပြန်
သံလွင်မြန်မာသတင်း
ဧပြီလ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ၂၅ ကြိမ်မြောက် ငွေရတုကယန်းအမျိုးသားနေ့ အ ခမ်းအနားကျင်းပရာ သိကျိတ်ကျေးရွာကို စစ် ကောင်စီက ဗုံးကြဲမှုသည် တိုင်းရင်းသားလူနည်းစု အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံ နှုန်းသတ် မှတ်ချက်များကို ဗြောင်အတိအလင်းချိုးဖောက်ခြင်းဟု ကယန်းပြည်သစ်ပါတီက ဧပြီလ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။
ဧပြီလ ၁၀ ရက် ည ၁၁ နာရီ ၄၅ မိနစ်က ၂၅ ကြိမ်မြောက် ငွေရတုကယန်းအမျိုးသားနေ့ အခမ်း အ နား ကို သိကျိတ်ကျေးရွာတွင် ထပ်မံ ကျင်း ပနိုင်သည့်အတွက် ထူးခြားသည့် နှစ်တစ်နှစ်ဖြစ်ပြီး စစ် ကောင်စီကကယန်းအမျိုးသားနေ့ကျင်းပရာ သိကျိတ်ကျေးရွာလူ နေအိမ်အတွင်း ပစ်မှတ်ထား၍ ပေါင် ၂၀၀ ဗုံး ၂ လုံး ကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၃ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။
ငလျင်ဘေးဒဏ်ကို အကြောင်းပြု၍ စစ်ကောင်စီသည် အပစ်အခတ်ရပ်စဲကြောင်း တိုင်းသိပြည်သိ ကမ္ဘာကြေညာ ထားသည့်အချိန်ကာလအတွင်း ကယန်းအမျိုးသားတို့၏နေ့ထူးနေ့မြတ်အခမ်းအနား ကျင်းပရာ သိကျိတ်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုကျူးလွန်သည့်အပြင် တိုင်းရင်း သားလူနည်းစုအခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံ နှုန်းသတ်မှတ်ချက်များကို ဗြောင်အတိ အလင်းချိုး ဖောက်ခြင်းပင်ဖြစ်ကြောင်း ကယန်းပြည်သစ်ပါတီက ပြောဆိုသည်။
သို့ဖြစ်ပါ၍ သိကျိတ်ကျေးရွာသည် ကယန်းပြည်သစ်ပါတီ ဗဟိုစည်းဧရိယာအတွင်းဖြစ်သည့် အား လျော်စွာ ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲစဉ်က သဘောတူညီချက်များကို အတိအလင်းချိုးဖောက် သည့်အပြင် စစ်ကောင်စီကိုယ်တိုင် ကြေညာချက်ထုတ်ပြန်ထားသည့် တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးကြောင်း ထုတ်ပြန်ချက်ကို မိမိတို့ ကိုယ်တိုင်ချိုးဖောက်ကျူးလွန်သည့်အတွက် ကယန်းပြည်သစ်ပါတီမှ ပြင်းထန်စွာကန့်ကွက်ရှုတ်ချသည်ဟု ဆိုသည်။
ယခုကဲ့ သို့ဖြစ်စဉ်မျိုး စစ်ကောင်စီအနေဖြင့် စစ်ရေးဆောင်ရွက်မှုမရှိသော တိုက်ပွဲဖြစ်ပေါ်ခြင်း မရှိ သော စစ်မဲ့ဇုန်ဖြစ်သည့် မိမိတို့ကယန်းအမျိုးသားပြည်သူလူထုများနေထိုင်ရာကျေးရွာများအတွင်း ဗုံးကြဲတိုက်ခိုက်ခြင်း၊ ကယန်းအမျိုးသား စာပေယဉ်ကျေးမှု ဝိသေသလက္ခဏာ အမျိုးသားရေး ဆိုင် ရာများကိုဖော်ထုတ်သည့်လှုပ်ရှားမှုများကို အထက်ပါဖြစ် စဉ်မျိုးထပ်မံကျူးလွန်ပါက ဖြစ်ပေါ်လာ မည့် ကိစ္စရပ်အလုံးစုံကို မိမိတို့ကယန်းပြည်သစ်ပါတီမှ တာဝန်ခံမည်မဟုတ် ကြောင်း အသိပေးထုတ် ပြန်ထားသည်။
ကယန်းအမျိုးသားနေ့သည် ကယန်းအမျိုးသားတို့၏ နေ့ထူးနေ့မြတ်တရက်ဖြစ်ပြီး ၂၀၀၁ ခုနှစ်တွင် ပန်ပက် (ကြလား)လူထုညီလာခံတွင် ပြန့်ကျဲနေသည့် ကယန်းမျိုးနွယ်စု၊ ဆွေမျိုးစု၊ မိသားစုများကို ကယန်းဟူသော အမည်နာမ အောက်တွင် တစုတစည်းထဲစုစည်းနိုင်သည့်အပြင် ကယန်းစာပေနှင့် ယဉ်ကျေးမှုကော်မတီဖွဲ့စည်းနိုင်ခြင်းကို ဂုဏ်ပြုသောအားဖြင့် ကယန်းအမျိုးသားနေ့အဖြစ် သတ် မှတ်ကျင်းပလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၀၁ ခုနှစ်တွင် သိကျိတ်ကျေးရွာ၌ ကယန်းအမျိုးသားခေါင်းဆောင်ကြီး၊ ကယန်းပြည်သစ်ပါတီ ဥက္ကဌကြီး ဦးရွှေအေး(ခ)ငိန်းကယန်းထန် ကိုယ်တိုင်ပန္နက်ရိုက်အုတ်မြစ်ချပြီး ကယန်းအမျိုးသား ညီညွတ်ရေးကျောက်တိုင်ဖွင့်ပွဲနှင့်အတူ ပထမအကြိမ်ကယန်းအမျိုးသားနေ့ကို ကျင်းပခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media