ငါ့သရောက်မြို့ရဲစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်သားများကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်၊ပြည်သူများ တိုက်ပွဲကြားရောက်ရှိလာသဖြင့် ပြန်ဆုတ်ခဲ့ရ
သံလွင်မြန်မာသတင်း
ဧပြီလ ၉
မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ရဲစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ရာ ပြည်သူများ တိုက်ပွဲကြားရောက်ရှိလာသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း ပုဂံ ညောင်ဦး အခြေစိုက် မန်းဘခိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ဧပြီလ ၇ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ငါ့သရောက်မြို့ရဲစခန်းမှ ထွက်လာသော စစ်သား ၊ ရဲ ၁၀ ဦးခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲပြီး ၄၀ မမ၊ လက် နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပြည်သူများက တိုက်ပွဲကြားသို့ ရောက်ရှိလာခဲ့သဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ် ကြောင်း သိရသည်။
“စခထိခိုက်သေဆုံးမှုကတော့ စုံစမ်းနေဆဲပါပဲ။ ပြည်သူတွေကိ ကာဗာယူထားသလို ဖြစ်သွားတော့ ပစ်မရပဲဖြစ်သွားတာ။ ပြည်သူတွေက ရှေ့ကနေ ကာနေလို့၊ မဟုတ်ရင် စခ ၂ ဦးလောက်သေတယ်။ လက်နက်လည်းရနိုင်တယ်။ မီတာ ၅၀ လောက်အထိ အနီးကပ် ပစ်ခတ်ခဲ့ရတာပါ” ဟု ပုဂံ ညောင်ဦး အခြေစိုက် မန်းဘခိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ပုဂံညောင်ဦး အခြေစိုက် Man Ba Khaing People Defence Force ၊ ပုဂံ ညောင်ဦးအခြေစိုက် ဂဠုန် ပြောက်ကျားတပ်ဖွဲ့ (Garuda Secret Force) ၊ နေပြည်တော်တပ်ရင်း အမှတ် ၇၀၄ နှင့် Local တပ်ပေါင်းစု တပ်ရင်း တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိဘပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ အထိုင်စခန်းများ၊ စစ်ကောင်စီတပ်သား၊ ရဲနှင့် ထောက်တိုင်များ အနီး သွားလာနေထိုင်ခြင်း မပြုလုပ်ကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းထားသည်။
Thanlwin Myanmar Media