မြင်းခြံမြို့ အမှတ် ၁၈ ရပ်ကွက်ရှိ စစ်တပ်အထိုင်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁၄ ဦး သေဆုံး (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဧပြီလ ၈
မန္တလေးတိုင်း ၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ အမှတ် ၁၈ ရပ်ကွက်ရှိ စစ်ကောင်စီ အထိုင်ဂိတ်စခန်းကို ဝင် ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၄ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့ ထံမှ သိရသည်။
ဧပြီလ ၆ ရက် ညနေ ၄ နာရီခွဲခန့်က မြင်းခြံမြို့အမှတ် ၁၈ ရပ်ကွက်ရှိ အကြမ်းဖက်စစ်တပ် အထိုင် စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာအပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ ယင်း တိုက်ပွဲအတွင်း မြင်းခြံမြို့တွင်းမှ စစ်ကူကားတစ်စီးထွက်လာရာ ယင်းကားကို ဖြတ်တောက် တိုက် ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
“အထိုင်ဂိတ်မှာက စကစတပ်သားက အဲလောက်မများဘူး။ အဓိက သေဆုံးတာက စစ်ကူလာတဲ့ ကားကို ပစ်နိုင်ခဲ့တာက အဓိကသေဆုံးတာ။ မြို့ထဲကနေ ထွက်လာတဲ့စစ်ကူကားပေါ့၊ အပြန်အလှန် ပစ်ခတ်တိုက်ပွဲက ၁ နာရီလောက်တော့ကြာခဲ့တယ်။ အဓိကတော့ လက်နက်အရဆိုပြီးတိုက်ခဲ့တာ။ သူတို့ဘက်က မြို့ပေါ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ စစ်ကူက တောက်လျှောက်လာတော့ လက်နက် တော့ ရယူနိုင်ခြင်းမရှိခဲ့ဘူး။ ကောင်းကောင်းတော့ သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်။ စစ်ကူလာတဲ့ အ ထဲကလည်း ၆ ယောက် မျက်မြင်လဲကျသေဆုံးသွားတာရှိတယ်။ အခြားထိခိုက်ဒဏ်ရာရတာတွေ လည်း အများကြီးရှိတယ်၊ အဲဒီထဲမှာမှ အမှတ် ၁၈ အုပ်ကြီးလည်း ဒဏ်ရာရတဲ့အထဲမှာ ပါသွားတယ်” ဟု Myingyan Balck Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။
ထိုသို့ စစ်ကူကားနှင့်စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၁၄ ဦး သေဆုံးကာ မြင်းခြံမြို့အမှတ် ၁၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးအပါအဝင် စစ်ကောင်စီတပ်သား ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးအရေအတွက်နှင့် ထိခိုက်မှုအရေအတွက် အသေးစိတ်ကိုသိရှိနိုင်ရန် ထပ်မံစုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT) တပ်ဖွဲ့နှင့်အတူ မဟာမိတ်များဖြစ်ကြသော ဗိုလ်စားပြောက်ကျားတပ်ဖွဲ့နှင့် BGF တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media