အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို BIMSTEC ထိပ်သီးအစည်းအဝေးသို့ တက်ရောက် ခွင့် မပြုရန်နှင့် အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားပေးရန် ထိုင်းဝန်ကြီးချုပ်နှင့်တကွ BIMSTEC အဖွဲ့ဝင်နိုင်ငံ များ၏ အစိုးရများကို အရပ်ဘက်အဖွဲ့အစည်း ၃၁၉ ဖွဲ့က တောင်းဆို
သံလွင်မြန်မာသတင်း
မတ်လ ၃၁
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို BIMSTEC ထိပ်သီးအစည်းအဝေးသို့ တက်ရောက် ခွင့် မပြုရန်နှင့် အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားပေးရန် ထိုင်းဝန်ကြီးချုပ်နှင့်တကွ BIMSTEC အဖွဲ့ဝင်နိုင်ငံ များ၏ အစိုးရများကို မြန်မာအရပ်အဖွဲ့အစည်း ၃၁၉ ဖွဲ့က တောင်းဆိုလိုက်ကြောင်း သိရသည်။
ဧပြီလ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ ဘန်ကောက်မြို့တော်၌ ကျင်းပရန် ပြင်ဆင်နေသည့် BIMSTEC ထိပ်သီးဆွေးနွေး ပွဲနှင့် ပတ်သက်၍ ထိုင်းနိုင်ငံအစိုးရနှင့် BIMSTEC ခေါင်းဆောင်များအနေဖြင့် မြန် မာစစ်အုပ်စု ခေါင်းဆောင်မင်းအောင်လှိုင်အား BIMSTEC ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခွင့် တားဆီးပိတ်ပင်ခြင်း ၊ BIMSTEC အစည်းအဝေးများနှင့် အခမ်းအနားအားလုံးမှ စစ်အုပ်စု ကိုယ်စား လှယ်များနှင့် ၄င်းတို့ခန့်အပ်ထားသူအားလုံးအား ဖယ်ရှားခြင်း တို့ဖြင့် တရားမဝင်စစ်အုပ်စုနှင့် ၎င်းတို့ ကျူးလွန်သည့် နိုင်ငံတကာရာဇဝတ်မှုများအား ဆန့်ကျင်ရပ်တည်ပေးပါရန် တောင်းဆိုထားခြင်း ဖြစ် သည်။
အဆိုပါ အိတ်ဖွင့်ပေးစာကို ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာ ၊ ထိုင်းနိုင်ငံအစိုးရ ၊ နိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီရမ်ဖုန်စာ ၊ BIMSTEC အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရများဖြစ်သော ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးများ၊ BIMSTEC အ ထွေထွေအတွင်းရေးမှူး အင်ဒရာမန်နီပန်ဒေးတို့ထံလိပ်မူ၍ ပေးပို့ထားခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ၎င်းတို့၏ စစ်အာဏာသိမ်း ကြိုးပမ်းမှု နောက်ပိုင်း အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများ၊ အရပ်ဘက် စစ်ဘက်မခွဲခြားတော့သည့် အဆင် ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုများ၊ အမြှောက်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ၊ လိင် ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြု အကြမ်းဖက် တိုက်ခိုက်မှုများ၊ အကြီးအကျယ် ညှဉ်းပမ်းနှိပ်စက်မှု များ၊ ကျေးရွာပေါင်းများစွာအား မီးတိုက်ဖျက်ဆီးမှုများကို ကျူးလွန်ခဲ့ကြောင်း ထောက်ပြထားသည်။
ထို့အပြင် စစ်တပ်သည် ပြည်သူပေါင်း ၂၈,၉၀၀ ကျော်အား ဥပဒေမဲ့ ဖမ်းဆီးခဲ့ပြီး တစ်နှစ်ထက် တစ် နှစ် ၎င်းတို့၏ လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်လာခဲ့ကြောင်း၊ အရပ်သား ပြည်သူ ထိခိုက်သေဆုံးမှုအရေအတွက်သည်လည်း မြင့်တက်လာခဲ့ကြောင်း သိရသည်။
မြန်မာစစ်တပ်သည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်ကာ နိုင်ငံတွင်းရွှေ့ပြောင်း ဒုက္ခသည်စခန်းများ၊ ဆေးခန်းများ၊ စာသင်ကျောင်းများနှင့် ဘာသာရေး အ ဆောက်အအုံများအပေါ် တိုက်ခိုက်ခြင်းများ အပါအဝင် လေကြောင်းတိုက်ခိုက်မှုပေါင်း ၄,၆၃၁ ကြိမ် ထိပြုလုပ်ခဲ့ပြီး ၎င်းတို့ထဲတွင် အရပ်သားရှိရာနေရာများတွင် အသုံးပြုခြင်းမှ တားမြစ်ထားသော မီး လောင်ဗုံး အသုံးပြုတိုက်ခိုက်ခြင်းများလည်း ပါဝင်ခဲ့ကြောင်း အသိပေးထားသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၂,၆၀၃ ဦးနှင့်အထက် သေဆုံးခဲ့ပြီး ၄,၁၈၄ ဦး ကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါရာဇဝတ်မှုများ၏ ရလာဒ်အနေဖြင့် လူပေါင်း ၃ သန်းကျော်သည် ယခုအခါ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။
စစ်အုပ်စုသည် မြန်မာနိုင်ငံဥပဒေအရသာမက နိုင်ငံတကာဥပဒေ အဓိပ္ပါယ်ဖွင့်ဆိုချက်များဖြင့်ပါ အ ကြမ်းဖက်အဖွဲ့အစည်းတစ်ရပ်၏ သတ်မှတ်ချက်များဖြင့် ကိုက်ညီနေပြီး မြန်မာစစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုကြီးများသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု များ မြောက်ကြောင်း၊ ယင်းရာဇဝတ်မှုတို့ကို ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် အခြား သော နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်သည်ဟု အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) နှင့် အာဂျင်တီးနားနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာတရားစီရင်ခွင့်အမှုတို့တွင် တရား ရင်ဆိုင်နေရသည့် ထိုစစ်တပ်ကပင် ကျူးလွန်နေခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။
အပြည်ပြည်ဆိုင်ရာတရားစီရင်ခွင့်အောက်ရှိ အာဂျင်တီးနားနိုင်ငံအတွင်းမှ ဖက်ဒရယ်ရာဇဝတ်ခုံရုံး တစ်ခုသည် မကြာသေးမီက ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများ ကျူးလွန်ရာတွင် ၎င်းတို့အပေါ် စွဲဆိုထားသော အခန်းကဏ္ဍများ အ တွက် စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်နှင့် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များ အပါအဝင် မြန်မာ လူ ပုဂ္ဂိုလ် ၂၅ ဦးအား ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း သိရသည်။
မြန်မာစစ်အုပ်စုသည် မည်သည့်ဖွင့်ဆိုချက်ဖြင့်မှ အစိုးရတစ်ရပ် မဟုတ်သောကြောင့် အစည်းအဝေး အရေးပါမှု သို့မဟုတ် စစ်အုပ်စုကိုယ်စားလှယ်အဆင့်အတန်း မည်သို့ပင်ဖြစ်စေကာမှု ၎င်းတို့အနေ ဖြင့် မည်သည့် BIMSTEC အစည်းအဝေးများနှင့် လှုပ်ရှားမှုများတွင်မှ မြန်မာပြည်သူများအား ကိုယ် စားပြုရန် နိုင်ငံရေးအရ တရားဝင်မှုမရှိကြောင်း အိတ်ဖွင့်ပေးစာတွေင် ပြောဆိုထားသည်။
နိုင်ငံခြားအစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် စစ်အုပ်စုအား အစိုးရတစ်ရပ်အနေဖြင့် တွေးထင်၍ ထိ တွေ့ဆက်ဆံမည်ဆိုလျှင်၊ သို့တည်းမဟုတ် စစ်အုပ်စုခန့်အပ်သူများနှင့် ၎င်းတို့မိတ် ဖက်များအား နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ချိတ်ဆက်လုပ်ကိုင်ရန် အားပေးကူညီမည်ဆိုလျှင် စစ် အုပ်စုအား အတင့်ရဲစေပြီး၊ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများ တိုးမြှင့်လုပ်ဆောင် စေ ခြင်း၊ မြန်မာပြည်သူများကိုယ်စား ဆုံးဖြတ်ချက်များကို တရားမဝင် ချမှတ်စေခြင်း၊ စစ်အုပ်စုအား နိုင်ငံရေးတရားဝင်မှု ပေးအပ်ခြင်းနှင့် အစိုးရတစ်ရပ်အဖြစ် ပုံဖော်ရန် ၎င်းတို့၏ တရားမဝင် ကျိုး ပမ်း မှုများကို ပံ့ပိုးကူညီခြင်းတို့ ရောက်စေကြောင်း ဆက်လက်ပြောဆိုထားသည်။
ထို့အပြင် စစ်အုပ်စုအား ဆက်ဆံရေးတည်ဆောက်မှုများ၊ ဘဏ္ဍာငွေနှင့် အရင်းအမြစ်များ ရရှိစေရေး တို့တွင် ကူညီပံ့ပိုးခြင်း ၊ အဆုံးစွန်အနေဖြင့် မြန်မာပြည်သူများအပေါ် စစ်အုပ်စု၏ အကြမ်းဖက် စစ် ဆင်ရေးတွင် ပံ့ပိုးကူညီခြင်း တို့အပါအဝင် မြန်မာပြည်သူများအပေါ် ဆိုးရွားသော ထိခိုက်နစ်နာမှုများ ကို ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း အသိပေးထားသည်။
စစ်အုပ်စုအား တရားဝင်မှုပေးအပ်သူ သို့မဟုတ် ဘဏ္ဍာငွေနှင့် အရင်းအမြစ်များ ရရှိအောင် အားပေး ကူညီသူ မှန်သမျှသည် စစ်အုပ်စုကျူးလွန်နေသည့် ရာဇဝတ်မှုကြီးများတွင် ကြံရာပါပတ်သက်မှု ဖြစ် စေနိုင်သည့် အန္တရာယ် ရှိနေသောကြောင့် နိုင်ငံတကာအစည်းအဝေးများနှင့် ကွန်ရက်များမှတဆင့် မြန်မာစစ်အုပ်စုနှင့် အခြားသူများအကြား ဖြစ်လာနိုင်ဖွယ် သံတမန်ဆက်ဆံရေးနှင့် ဘဏ္ဍာရေးဆိုင် ရာ ဆက်ဆံရေးများကို အားပေးကူညီခြင်း မပြုရန်မှာ အလွန်ပင် အရေးကြီးကြောင်း ထောက်ပြ ထားသည်။
အာဆီယံနှင့် ကုလသမဂ္ဂအပါအဝင် အခြားသောအစိုးရအချင်းချင်းကြားအဖွဲ့အစည်းများသည် မြန် မာစစ်အုပ်စုအား အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ထားပြီးဖြစ်ကြောင်း၊ ဥပမာအားဖြင့် အာဆီယံသည် မြန်မာစစ်အုပ်စုအား ၂၀၂၆ ခုနှစ်တွင် အလှည့်ကျဥက္ကဌတာဝန်အား ရယူခွင့် မပြုရန် ဆုံးဖြတ်ခဲ့ကြပြီ စစ်အုပ်စုအား နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးများနှင့် ထိပ်သီးဆွေးနွေး ပွဲများမှ ဖယ်ထုတ်ခဲ့ကြောင်း၊ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) သည် လည်း စစ်အုပ်စုကာကွယ်ရေးဝန်ကြီးအား ထိပ်သီးဆွေးနွေးပွဲများမှ ဖယ်ရှားခဲ့ကြောင်း ဆက်လက် ထောက်ပြပြောဆိုသည်။
ယင်းအပြင် ဖိလစ်ပိုင်၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် စစ် အုပ်စု လက်ခံကျင်းပသည့် ADMM လေတပ်ချုပ်များအစည်းအဝေးကို သပိတ်မှောက်ခဲ့ကြောင်း၊ စင် ကာပူနိုင်ငံကလည်း ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် မြန်မာစစ်အုပ်စုနှင့် ရုရှားနိုင်ငံတို့ လက်ခံကျင်းပခဲ့ သည့် ADMM-Plus အကြမ်းဖက်မှုတန်ပြန် နှိမ်နှင်းရေးသင်တန်းများကို သပိတ်မှောက်ခဲ့ကြောင်း အ သိပေးထားသည်။
ထိုလုပ်ရပ်အားလုံးကို မြန်မာပြည်သူများက ကြိုဆိုအသိအမှတ်ပြုခဲ့ကြပြီး သို့သော်လည်း နောက် ထပ်အလေးအနက်ထား လုပ်ဆောင်ရန် အရေးတကြီး လိုအပ်နေကြောင်း၊ လာမည့်ခရီးစဉ်နှင့် အ စည်းအဝေးများမှ တရားမဝင်မြန်မာစစ်အုပ်စုအား ဖယ်ရှားရန် ခေါင်းဆောင်များ ဆုံးဖြတ်ခဲ့မည်ဆို ပါက စစ်အုပ်စုအဖွဲ့ဝင်များအား အထွေထွေညီလာခံတွင် မြန်မာနိုင်ငံအား ကိုယ်စားပြုခွင့်မပေးရန် ကုလ သမဂ္ဂ၏ ဆုံးဖြတ်ချက်နှင့်လည်း ကိုက်ညီမည်ဖြစ်သည်ဟု ဆိုသည်။
ယခုတောင်းဆိုချက်သည် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က တင်ပြခဲ့သည့် စိုးရိမ်ပူပန်မှုများကိုလည်း ပဲ့တင်ထပ်စေပြီး အထူးကိုယ်စားလှယ်က အာဆီယံအနေ ဖြင့် မြန်မာစစ်အုပ်စုလူပုဂ္ဂိုလ်များအား အာဆီယံ အစည်းအဝေးမှန်သမျှတွင် ပါဝင်ခွင့်မပေးရန် အကြံပြုခဲ့ကြောင်း သိရသည်။
၎င်းက အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အုပ်စုအဖွဲ့ဝင်များအား ဖိတ်ကြားထားမှုများကို မရုတ် သိမ်းပါက အခမ်းအနားများသို့ တက်ရောက်ခြင်း မပြုရန်၊ ထို့အပြင် အထူးကိုယ်စားလှယ်က “မြန်မာ ပြည်သူများ၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့်ဆန္ဒတို့ကို ပံ့ပိုးသော အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရား ဝင်အစိုးရအဖြစ် စစ်အုပ်စု၏ မှားယွင်းသော ပြောဆိုချက်များကို လူသိရှင်ကြား ငြင်းပယ်ကြရန် တိုက်တွန်းတောင်းဆိုထားသည်။
ခေါင်းဆောင်များ၏ တုန့်ပြန်မှုကို မျှော်လင့်ချက်များစွာဖြင့် စောင့်မျှော်နေကြောင်း၊ တစ်ချိန် တည်း တွင် ခေါင်းဆောင်များ၏ လုပ်ဆောင်ချက်များသည် မြန်မာပြည်သူများအပေါ် ပံ့ပိုးကူညီ နေသည် လား သို့မဟုတ် တရားမဝင် အကြမ်း ဖက်စစ်အုပ်စုအား ပံ့ပိုးကူညီနေသည်လားဆိုသည်ကို ဆက် လက် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media