ငလျင်ဒဏ်ခံစားနေရသော ပြည်သူများကို စစ်ကောင်စီတပ် လိုက်လံ ဗုံးကြဲတိုက်ခိုက်နေ
သံလွင်မြန်မာသတင်း
မတ်လ ၃၀
မြေလျင်ဒဏ်ခံစားနေရသည့် ပြည်သူများကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် လိုက်လံ ဗုံးကြဲတိုက် ခိုက်နေကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။
ယနေ့ မတ်လ ၃၀ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်က ပေါက်မြို့နယ် အနောက်မြောက်ပိုင်းရှိ နေရာ ၁ နေရာကို အကြမ်းဖက်စစ်ကောင်စီတပ်က Mi 17 ဟယ်ရီကော်ပတာရဟတ်ယာဉ် ၁ စီးဖြင့် ဗုံးကျခဲ့ ပြီး ကပစ ၂၄ အတွင်းသို့ ဆင်းသက်သွားကြောင်း၊ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေ အနေ သိရှိရခြင်း မရှိသေးကြောင်း သိရသည်။
“လေကြောင်းကနေ တိုက်ခိုက်သွားတာ ဟုတ်ပါတယ်။ ဖုန်းလိုင်းတွေလည်း အဆက်အသွယ်မရ သေးလို့ အသေးစိပ်အခြေအနေတော့ မသိရသေးဘူး ။ ထိခိုက်ပျက်စီးမှုတွေလည်း မေးလို့မရသေးပါ ဘူး” ဟု ပခုက္ကူခရိုင်အမှတ် ၁၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အလားတူ ယနေ့မတ်လ ၃၀ ရက် မွန်းလွဲ ၂ နာရီခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ နယ်အတွင်းရှိ ကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်များ ပျံဝဲကာ ဗုံးကြဲတိုက်ခိုက်နေသဖြင့် ဒေသနေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
“ငလျင်ကလည်း ထပ်လှုပ်တယ်၊ လေယာဉ်တွေကလည်း ပျံဝဲနေတာ။ တောထဲမှာ ပုန်းနေရတယ်။ သောက်စရာရေကလည်းမရှိဘူး။ အပေါ်ကလည်းနေပူ အောက်ကမြေကြီးကလည်းပူနဲ့၊ လေယာဉ်နဲ့ လာကြဲတာပိုဆိုးတယ်။ အဲဒါကြောင့်ပြေးနေရတာ” ဟု ဒေသနေပြည်သူတစ်ဦးက သံလွင်မြန်မာ သတင်းဌာနထံသို့ ပြောကြားသည်။
မတ်လ ၂၈ ရက် မွန်းလွဲ ၁ နာရီ ၅ မိနစ်တွင် မြေငလျင်ဒဏ်ခံစားနေရ နောင်ချိုမြို့နယ်၊ နောင်လင် ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ် ၃ လုံး နှင့် စာသင်ကျောင်း ၂ ကျောင်းပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရ သည်။
Thanlwin Myanmar Media