စစ်တပ်၏ အနိုင်ကျင့်မှုကို ခေါင်းငုံ့မခံတော့ပဲ ပြန်လည်တိုက်ခိုက်သွားမည်ဟု အလင်းဝင် စစ်မှုထမ်း တပ်သား သစ် ၂ ဦးပြော
သံလွင်မြန်မာသတင်း
မတ်လ ၂၆
စစ်တပ်၏ အနိုင်ကျင့်မှုကို ခေါင်းငုံ့မခံနေတော့ပဲ ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အလင်း ဝင်ရောက်လာသည့် စစ်မှုထမ်းတပ်သား ၂ ဦးက ပြောကြားသည်။
မတ်လ ၂၅ ရက်နေ့က စစ်မှုထမ်း တပ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းခံခဲ့ရပြီး ခမရ ၅၅၈ တာ ဝန်ကျနေသော တသ အာကာတင်လင်းနှင့် ဒေါနတပ်ရင်း၊ ဗျူဟာ ၃၃ နယ်မြေအတွင်းသို့ လက်နက် ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။
ထိုသို့ အလင်းဝင်ရောက်ပြီးနောက် ၎င်းတို့ ၂ ဦးသည် “စစ်တပ်၏ အနိုင်ကျင့်မှုကိုမခံဘဲ ကျွန်တော်တို့ က စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်သွားမည်” ဟု ပြောဆိုခဲ့ကြောင်း ဒေါနတပ်ရင်းက အသိပေး ထားသည်။
အလင်းဝင်ရောက်လာသည့် တပ်သား၂ ဦးသည် ပုလောအခြေစိုက် အမှတ် ၁၂ တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်းနှင့် ဝဲကလိအခြေစိုက် အမှတ် ၄ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း မှ သင်တန်းဆင်းဖြစ်ပြီး တသ အာကာတင်လင်း သည် MA 2 (၁)လက် ၊ ကျည်ဘောက် (၃)ခု ၊ ကျည် (၁၀၀) တောင့် ၊ လက်ပစ်ဗုံး (၁)လုံး ၊ နင်းမိုင်း (၁)လုံး ၊ vest (၁) ထည် ဖြင့်လည်းကောင်း၊ တသ နေ လင်းအောင် သည် MA1 (၁)လက် ၊ ကျည်ဘောက် (၃)ခု ၊ ကျည် (၉၅)တောင့် ၊ ပို့ကျည် (၅)တောင့် ၊ အီနာဂါ (၃)လုံး ၊ နင်းမိုင်း (၁)လုံး ၊ vest (၁)ထည် ဖြင့်လည်းကောင်း အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“CDM အလင်းဝင်ရောက်လာသူတွေကို နွေးထွေးစွာကြိုဆိုလက်ခံလျက်ရှိပါတယ်။ ကျန်ရှိနေတဲ့ စစ် ကောင်စီ တပ်သားတွေ အနေနဲ့ အလကားအသေမခံဘဲ အချိန်ရှိတုန်း ပြည်သူနဲ့ပူးပေါင်းပါ” ဟု ဒေါန တပ်ရင်းမှူး ရဲဘော်ရန်နိုင်က ပြောကြားသည်။
ခမရ ၅၅၈ မှ အလင်းဝင်ခဲ့သူ တပ်သား ၂ ဦးသည် ရွာ၌ နွားကျောင်းနေစဉ် အတင်းအဓမ္မ ဖမ်းဆီးခံ ရကာ တပ်သားစုဆောင်းခံရခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်များ ကြောင့် အတင်းအဓမ္မတပ်သားစုဆောင်းခံရသူများအပါအဝင် ပြည်သူဘက်ရပ်တည်လိုသော တပ် မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ၊ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များသို့ ချိတ်ဆက်ကာ အလင်းဝင် ရောက်နိုင်ကြောင်း အသိပေး တိုက်တွန်းထားသည်။
Thanlwin Myanmar Media