နတ်တလင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး
သံလွင်မြန်မာသတင်း
မတ်လ ၂၅
ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ နတ်တလင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း Bamar Revolution Army – BRA တပ်ဖွဲ့ထံ မှ သိရသည်။
မတ်လ ၂၄ ရက် နံနက် ၈ နာရီခန့်က အင်အား ၇၀ ခန့်ဖြင့် နတ်တလင်းမြို့နယ်၊လယ်မအင်း ကျေး ရွာဘက်သို့တက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၃ နတ်စစ်သည်တပ်ဖွဲ့နှင့် တပ်ခွဲ ၄ (B.R.A) ပူးပေါင်းတပ်ဖွဲ့မှ အလစ်အငိုက် အနီးကပ်ဝင်ရောက်ပစ် ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ည ၇ နာရီခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ အသင့်ထောင်ထားသော မိုင်းကွင်း အတွင်း ဝင်ရောက်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ရန် ပြင်ဆင်နေကြစဉ် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
လက်ရှိအချိန်တွင် စစ်တပ်စစ်ကြောင်းမှာ ပျဉ်ပုံကျေးရွာသို့ ပြန်လည် ဆုတ်ခွာသွားသဖြင့် တော်လှန် ရေး တပ်ဖွဲ့များမှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် စစ်ကောင်စီနှင့် ဒေါက်တိုင်များကို အလျဉ်းသင့်သလို သုတ်သင်ရှင်းလင်းသွားမည်ဖြစ်သောကြောင့် မိဘပြည်သူများ အနေဖြင့် ၄င်းတို့နှင့် နီးစပ်ရာများ ကို သွားလာနေထိုင်ခြင်းမပြုကြရန် မေတ္တာရပ်ခံ အသိပေးထားသည်။
Thanlwin Myanmar Media