Read Time:1 Minute, 10 Second
ကဗျာကဏ္ဍ “နွေကလဲ့စား”
ပျိုးကြဲလက်
လွမ်းငွေ့ထုံထုံ
မြူမှုန်ကဲကဲ ၊ လေဝှေ့ဆဲတွင်
နီရဲလက်ပံ ၊ ဆက်ရက်သံနှင့်
ညံတုံဝဲတုံ ၊ ငှက်ကျေးစုံက
နိမ့်တုံမြင့်တုံ ၊ မြူးကြကုန်၏ ။
လေပွေအဝှေ့
ဆွေ့ဆွေ့အခုန် ၊ နှလုံးတုန်၍
တောင်စုံဖျတ်ဖျတ် ၊ ကိုယ်စီခတ်သည်
ကြောက်တတ်သည်တို့ ၊ လန့်သည်သို့ ။
နွေ၏အတွေ့
ကြည်မွေ့မဲ့တုံ ၊ ယမ်းငွေ့ထုံက
လူကုန်မရွေး ၊ ငှက်ရွှေကျေးသို့
သေဘေးမစဲ ၊ လေမှာဝဲ၍
ဗုံးကြဲသည်သို့ ၊ သတ်သည်တို့ ။
ကြဲစမ်းပါစေ
နွေကလဲ့စား ၊ နာကြည်းအားနှင့်
အကြားမလပ် ၊ တော်လှန်တပ်၏
ထပ်ကြပ်မကွာ ၊ ထိုးစစ်လာလျှင်
ပြေးပါ၏သို့ ၊ ကြောက်၏တို့ ။
နွေကလဲ့စား
နောင်ဖွားမောင်မယ် ၊ စံယူဖွယ်ဟု
တဖယ်တအား ၊ ပေါင်းစုထားသည့်
ပြည်ဖွားစစ်စစ် ၊ တပ်တော်သစ်ဖြင့်
ထိုးစစ်ခေါ်ဖို့ ၊ လိုက်ပါလို့ ။
(ကွယ်)
မျိုးချစ်ဖော်သို့ ၊ တိုက်ပါစို့ ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက် ည ၁၀ နာရီ ၈ မိနစ်
Thanlwin Myanmar Media