Read Time:1 Minute, 13 Second
ကဗျာကဏ္ဍ “စစ်မီးဖြတ်ချိန်”
ပျိုးကြဲလက်
ပြည့်အာဏာသည်
သူငါအများ ၊ ရင်ဝယ်သားသို့
ခွဲခြားမဲ့ကင်း ၊ စောင့်ရှောက်ခြင်းဖြင့်
ထွန်းလင်းတောက်ပ ၊ ထည်ဝါရ၏ ။
လက်နက်ဟူသည်
တိုင်းသူပြည်သား ၊ နိုင်ငံ့အားကို
ပြည်ခြားရန်စွယ် ၊ အသွယ်သွယ်မှ
ကာကွယ်ဆီးတား ၊ ပြည့်စစ်သားတို့
ကိုင်ထားပါမှ ၊ တင့်တယ်ရ၏ ။
အာဏာလက်နက် ၊ လူသူပျက်တို့
လုယက်ဆွဲကိုင် ၊ ပြည့်မဏ္ဍိုင်က
ခွေယိုင်ချိနဲ့ ၊ တရားမဲ့၍
နယ်ချဲ့လက်အောက် ၊ ရောက်လိမ့်မည် ။
အိမ်နီးချင်းမှာ ၊ အခွင့်သာက
မြို့ရွာသိမ်းပိုက် ၊ အချောင်နှိုက်ရန်
လူမိုက်အားပေး ၊ ပြည်ဖျက်ရေးကို
စုဝေးကြံစည် ၊ ပြင်ကြပြီ ။
အာဏာခုံမင် ၊ လက်နက်ရှင်ကို
ခုလျှင်ချက်ချင်း ၊ ချေမှုန်းရင်းဖြင့်
ပြည်တွင်းပြည်ပ ၊ လေးစားရအောင်
သတိဆောင်၍ အမောင်စစ်မီးဖြတ်ပါလော့ ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက် မွန်းလွဲ ၁ နာရီ ၄၄ မိနစ်
Thanlwin Myanmar Media