စလင်းမြို့နယ်တွင် စစ်တပ်က ကြည်း၊ လေပူးပေါင်းကာ စစ်ကြောင်းထိုးပြီး ပြည်သူ့နေအိမ် ၁၇၀ ခန့် ကို မီးရှို့ဖျက်ဆီး၊ PDF တပ်ဖွဲ့များ၏ ခုခံတိုက်ခိုက်မှု စစ်သား ၁၀ ဦး ထက် မနည်း သေဆုံး
သံလွင်မြန်မာသတင်း
မတ်လ ၂၀
မကွေးတိုင်း၊ စလင်းမြို့နယ်တွင် စစ်တပ်က ကြည်း၊ လေ ပူးပေါင်းကာ စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၇၀ ခန့်ပြာကျခဲ့ပြီး PDF တပ်ဖွဲ့များ၏ ခုခံ တိုက်ခိုက်မှုအတွင်း စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – စလင်း ထံမှ သိရသည်။
မတ်လ ၆ ရက်မှ ၁၇ ရက်နေ့အထိ စလင်းမြို့နယ်၊ စလင်း- ဆင်ဖြူကျွန်းလမ်းပိုင်းနှင့် ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က တင့်ကား ၊ သံချပ်ကာ ကားများ ၊ Mi-35 လေ ကြောင်းများ အသုံးပြုပြီး ၁၂ ရက်ကြာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်လာသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက စလင်း-ဆင်ဖြူကျွန်း လမ်းပိုင်းတွင် မြို့နယ်-ပကဖ ပွိုင့် ၂ နေရာမှ မိုင်းဆွဲ၍ အပြန်အလှန်ထိတွေ့ ပစ် ခတ်တိုက်ခိုက်မှု ၁ အကြိမ်နှင့် ဆင်ဖြူကျွန်း-တညောင် လမ်းပိုင်းတွင် မြို့နယ်-ပကဖ နှင့် မဟာ မိတ် တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့များ ပူးပေါင်း မိုင်းဆွဲ၍ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အထိနာ၍ လေကြောင်း အကြိမ်ကြိမ် ပစ်ကူပေး တိုက်ခိုက်ခဲ့သည့်အပြင် မတ်လ ၁၆ နေ့တွင် ပွင့်ဖြူဘက်မှ စစ်ကား ၆ စီးဖြင့် ထပ်မံအင်အားဖြည့် တင်းခဲ့သည်ဟု ဆိုသည်။
ထိုသို့ ထပ်မံဖြည့်တင်းလာသည့် အကြမ်းဖက်စစ်ယာဉ်တန်းကို စလင်း- ဆင်ဖြူကျွန်း လမ်းပိုင်းတွင် ထပ်မံ၍ ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကား ၁ စီးထိခိုက်ပျက်စီးပြီး စစ်ကောင်စီတပ် သားများလည်း အသေအပျောက်အများအပြားရှိခဲ့ကြောင်း သိရသည်။
ထပ်မံဖြည့်တင်းသည့် အကြမ်းဖက်စစ်ာသားများနှင့်အတူ ဆင်ဖြူကျွန်း- တညောင်းလမ်းပိုင်းမှ တ ညောင် တိုက်နယ်သို့ ဆက်လက်စစ်ကြောင်းထိုးရာ မတ်လ ၁၆ ရက် ညနေပိုင်းတွင် တညောင် တိုက်နယ် (စလင်း ပကဖ ဇုန် ၃)မှ ထပ်မံမိုင်းဆွဲ၍ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။
အဆိုပါ ၁၂ ရက် ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီသား ၁၀ ဦး ထက်မနည်းသေဆုံးပြီး အများ အပြား ဒဏ်ရာရရှိကာ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်ခဲ့ကြောင်း သိရ သည်။
အဆိုပါ တိုက်ခိုက်မှုကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း- ပကဖ) ၊ မင်းဘူးခရိုင် အ မှတ် ၁ တပ်ရင်း၊ ဒေါင်းစစ်အောင် LPDF၊ မကွေးခရိုင် အမှတ် တပ်ရင်း၊ မကွေးမြို့နယ် (ပကဖ)၊ ဆိပ်ဖြူမြို့နယ် (ပကဖ) နှင့် CGF တော်လှန်ရေးအင်အားစုများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ယင်း ၁၂ ရက်အတွင်း အကြမ်းဖက်စစ်တပ်က ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၁၇၀ ခန့် ပြာကျဆုံးရှုံးခဲ့ပြီး မိဘပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
စစ်ဘေးရှောင် မိဘပြည်သူများမှာ အရေးပေါ် အကူအညီများလိုအပ်လျက်ရှိပြီး ပြည်တွင်းပြည်ပရှိ အလှူရှင်များအနေဖြင့် တက်နိုင်သမျှ ပါဝင်ကူညီ ပေးပါရန် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ – စလင်းက မေတ္တာရပ်ခံထားသည်။
Photo – စလင်း(ပကဖ) တာဝန်ခံများနှင့်ရဲဘော်များမှ စစ်ဘေးရှောင်မီးဘေးသင့်ပြည်သူများ သောက်ရေသုံးရေအခက်အခဲဖြစ်နေသည့်အတွက် သွားရောက်ကူညီမှုနှင့် မီးလောင်ပြာကျနေသော နေအိမ်များ
Thanlwin Myanmar Media