မြဝတီမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ကျားဖြန့်ငွေလိမ်ဂိုဏ်းအဖွဲ့တွင်ပါဝင်သည့် မြန်မာစစ်အုပ်စု၊ BGF တပ်ဖွဲ့၊ အကျင့်ပျက်ထိုင်းအရာရှိများကို ဖော်ထုတ်အရေးယူပေးရန် JFM တောင်းဆို
သံလွင်မြန်မာသတင်း
မတ်လ ၁၇
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည့် ကျားဖြန့်ငွေလိမ်ဂိုဏ်းအဖွဲ့တွင် ပါ ဝင်သည့် မြန်မာစစ်အုပ်စု၊ BGF တပ်ဖွဲ့ ၊ အကျင့်ပျက်ထိုင်းအရာရှိများကို ဖော်ထုတ်အရေးယူရမည် ဖြစ်ကြောင်း Justice For Myanmar – JFM က တောင်းဆိုထားသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နိုင်ငံတွင်းနှင့် တရုတ်နိုင်ငံတို့မှ ဖိအားများကြောင့် ထိုင်းအစိုးရသည် ဆိုက်ဘာငွေလိမ်လုပ်ငန်းများ၏ ခြေကုပ်နေရာဖြစ်သော မြန်မာနယ်စပ်ဒေသများသို့ လျှပ်စစ်မီး ဖြတ် တောက်ခဲ့ကြောင်း၊ ထိုသို့ ဖြတ်တောက်မှုကြောင့် မြန်မာစစ်အုပ်စု၊ ၎င်း၏ပြည်သူ့စစ် ကရင် နယ်ခြားစောင့်တပ် (BGF) တို့နှင့် ဆက်စပ်ကုမ္ပဏီများထံ နှစ်ရှည်လများ ရရှိထားသော နယ်စပ်ဖြတ် ကျော် လျှပ်စစ်မီး ရောင်းချမှုများ ရပ်ဆိုင်းသွားကြောင်း၊ အဆိုပါလျှပ်စစ်မီးရောင်းချမှုသည် ဆိုက်ဘာ ငွေလိမ်လုပ်ငန်းများ ကြီးထွားကျယ်ပြန့်လာအောင် ပံ့ပိုးဖြည့်ဆည်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။
သို့ရာတွင် ဆိုက်ဘာငွေလိမ်ခြံကြီးများတည်ရှိသည့် ဒေသများသို့ ထိုင်းနိုင်ငံ၏ လျှပ်စစ်မီး ဖြတ် တောက်မှုသည် ပထမဆုံးအကြိမ်တော့ မဟုတ်ပဲ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံသည် ငွေလိမ် ဇုန်နှစ်ခုအား လျှပ်စစ်မီးဖြတ်တောက် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
သို့သော်လည်း Justice For Myanmar ၏ သုတေသနပြုချက်အရ ဆိုက်ဘာငွေလိမ်လုပ်ငန်းများ သည် ထိုင်းနိုင်ငံ ပိုင်နှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၊ မြန်မာစစ်အုပ်စု၊ ၎င်း၏ပြည်သူ့စစ်များနှင့် အပေါင်းအပါ များ၏ အားပေးကူညီမှုကြောင့် ပို၍ပင် ချဲ့ထွင်များပြားလာသည်ကို တွေ့ရှိရသည် ဟု ဆိုသည်။
ထို့ကြောင့် လက်ရှိအရေးယူဆောင်ရွက်ချက်များတွင် ပြဿနာရင်းမြစ်များအား ပစ်မှတ်ထား ရှင်း လင်းခြင်းဖြင့် ဆိုက်ဘာငွေလိမ်လုပ်ငန်းကဏ္ဍကြီးအား စနစ်တကျ အမြစ်ဖြတ်ပပျောက်ရေး သေချာ စေရန်အတွက် ပြီးခဲ့သည့်နှစ်များအတွင်း ဆိုက်ဘာငွေလိမ်ခြံကြီးများထံ လျှပ်စစ်မီး ရောင်းချပေးမှု များကို ခရေစေ့တွင်းကျ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် မဖြစ်မနေ လိုအပ်ပြီး တချိန်တည်းမှာပင် ဒေသခံ လူထု၏ ထိခိုက်နစ်နာမှုများ ဖြေလျှော့ရေး လုပ်ငန်းများ လုပ်ဆောင်ရမည် ဖြစ်ကြောင်း အ သိပေးထားသည်။
ယခုငွေလိမ်လုပ်ငန်းတိုက်ဖျက်မှုသည် အဆိုပါဒေသအား ငွေလိမ်ဗဟိုဌာနတစ်ခုအဖြစ် ပြောင်းလဲ လိုက်ကြသည့် မြန်မာစစ်အုပ်စု၊ ၎င်း၏ကရင်နယ်ခြားစောင့်တပ်ဖွဲ့၊ အကျင့်ပျက်ထိုင်းအရာရှိများ၊ စီးပွားရေးလုပ်ငန်းများနှင့် ရာဇဝတ်လုပ်ငန်းအစိတ်အပိုင်းများ အရေးယူခံရခြင်းမှ ကင်းလွတ်နေမှုကို အဆုံးသတ် ရပ်တန့်ရမည် ဖြစ်ကြောင်း ထောက်ပြထားသည်။
မြန်မာစစ်အုပ်စုသည် ရာဇဝတ်စီးပွားရေးလုပ်ငန်းများကွန်ရက်ကြီး၏ ဗဟိုချက်နေရာတွင် တည်ရှိနေ ပြီး၊ ၎င်း၏ ကွပ်ကဲမှုအောက်ရှိ ကရင်နယ်ခြားစောင့်တပ်ကို လက်သပ်မွေးကာ ယင်းလုပ်ငန်းများအား လိုက်ကိုင်စေခဲ့ကြောင်း ၊ ငွေလိမ်လုပ်ငန်းများသည် စစ်အုပ်စု၏ အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတွင် အလုံးအရင်းနှင့် ပျံ့ပွားလာခဲ့ကြောင်း သိရသည်။
ကရင်နယ်ခြားစောင့်တပ် နှင့်အတူ မြန်မာစစ်အုပ်စုသည် ဆိုက်ဘာငွေလိမ်လုပ်ငန်းများမှ အကျိုး အ မြတ်များရရှိပြီး ယင်းအကျိုးအမြတ်များဖြင့် ၎င်းတို့ ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူ သားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုများ အတွက် လောင်စာဖြည့်ပေးလျက်ရှိကြောင်း JFM က ပြောဆိုသည်။
မြန်မာစစ်အုပ်စုနှင့် ၎င်း၏ ရာဇဝတ်စီးပွားဂိုဏ်းအား ဖျက်သိမ်းနိုင်ခြင်းမရှိဘဲ ယင်းနိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများကို အဆုံးသတ်ပပျောက်နိုင်မည် မဟုတ်သည့်အတွက် မြန်မာစစ်အုပ်စု၊ ကရင် နယ်ခြားစောင့်တပ်နှင့် ၎င်း၏ အပေါင်းအပါများ အပြစ်ပေးအရေးယူခံရမှုမှ ကင်းလွတ်နေမှုအား အဆုံးသတ်ရန် ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ပို၍ကျယ်ပြန့်သော ရာဇဝတ်ကြောင်းအရ တရားစွဲဆိုမှုများ အပါအဝင် ပစ်မှတ်ထားအရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း ထောက်ပြထား သည်။
ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော် လောင်စာဆီနှင့် လျှပ်စစ်မီးပေးပို့မှုများရှိပြီး စွမ်းအင် ရောင်း ချမှုသဘောတူစာချုပ်များကို အရေးတကြီး ပြန်လည်သုံးသပ်သင့်ကြောင်း၊ မည်သည့် ရောင်းချမှုများ က ရာဇဝတ်လုပ်ငန်းများအား အားပေးကူညီခဲ့ကြောင်းကိုလည်း ပွင့်လင်းမြင်သာစွာ အစီရင်ခံ တင်ပြ သင့်ကြောင်း အသိပေးထားသည်။
ရှေ့တွင်လည်း နောင်လုပ်ဆောင်မည့် စွမ်းအင်ရောင်းချမှုသဘောတူစာချုပ်မှန်သမျှတွင် တရားဥပဒေ နှင့် မညီသော သုံးစွဲမှုများကို စဉ်ဆက်မပြတ်စောင့်ကြည့်နိုင်ရေးအတွက် ထိုင်းနိုင်ငံ၏ ခရိုင်လျှပ်စစ် အာဏာပိုင်အဖွဲ့ (PEA) ထံ ဓါတ်အားလိုင်းအချက်အလက်များ အလိုအလျောက် သိရှိခွင့်ကိုထည့် သွင်းသင့်သည်ဟု ဆိုသည်။
ယင်းအချက်အလက်များတွင် လျှပ်စစ်ဝန်အား၊ ကြိမ်နှုန်းများနှင့် ပတ်သက်၍ ထရမ်စဖော်မာအဆင့်၊ ဖီဒါအဆင့် အချက်အလက်များ ပါဝင်သင့်ကြောင်း၊ ရာဇဝတ်လုပ်ငန်းများထံ ပေးပို့ရောင်းချနိုင်ချေရှိ သည့် တရားဝင်နှင့် တရားမဝင်လောင်စာဆီ ရောင်းချမှု နှစ်ရပ်လုံးအား ကာကွယ်ရန်သာမက လျှပ် စစ်ဖြတ်တောက်မှုကြောင့် ထိခိုက်ခံစားခဲ့ရသည့် သာမန်လူထုအတွက် အကူအညီများ ပေးအပ်နိုင်ရန် လိုအပ်သည့်ခြေလှမ်းများကိုလည်း လုပ်ဆောင်ရမည် ဖြစ်ကြောင်း ထုတ်ပြန်တောင်းဆိုထားသည်။
Thanlwin Myanmar Media