စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာဈေးကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေး ငယ် ၆ ဦး အပါအဝင် ပြည်သူ ၂၇ ဦးသေဆုံး၊ စစ်ရာဇဝတ်မှုကျူးလွန်သည့် စစ်အုပ်စုအား အပြစ်ပေး အရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူသွားမည်ဟု NUG ၊ လူ့အခွင့်အရေးဝန်ကြီးဌာန ထုတ်ပြန်
သံလွင်မြန်မာသတင်း
မတ်လ ၁၆
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာ၏ ဈေးကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်း ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၆ ဦးအပါအဝင် ပြည်သူ ၂၇ ဦးသေဆုံးခဲ့ပြီး ၃၈ ဦး ဒဏ်ရာရရှိခဲ့ ကာ နေအိမ် ၂ လုံးမီးလောင်ပြာကျခဲ့ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
မတ်လ ၁၄ ရက် ညနေ ၃ နာရီခန့်က စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာ၏ ဈေး၌ ခရီးသွားပြည်သူ များ၊ ဒေသနေပြည်သူများ ရောင်းဝယ်၊ ဖောက်ကားနေစဉ် အကြမ်းဖက်စစ်အုပ်စု၏ အမှတ် (၃၀၂၇) လေကြောင်းရန် ကာကွယ်ရေးတပ်ရင်း၊ တံတားဦး လေတပ်စခန်းမှ တက်လာသည့် YAK-130 ဂျက် ဖိုက်တာတစ်စီးဖြင့် ရွာဈေးမြောက်ဘက်ထိပ်နေရာသို့ မီးလောင်ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့် လက်ပံလှကျေးရွာသည် မိုးကုတ်-မန္တလေးကားလမ်းဘေး၌ တည် ရှိပြီး မည်သည့် တိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်က ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ဖြစ်ကြောင်း၊ ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၄ လသား ကလေးငယ် တစ်ဦးအပါ အဝင် ၆ ဦး၊ အရွယ်ရောက်ပြီး ပြည်သူ ၂၁ ဦး၊ စုစုပေါင်း ပြည်သူ ၂၇ ဦးသေဆုံးကာ ၃၈ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၂ လုံးမီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
NUG အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာ လက်ကိုင် ဆွဲထား၍ အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှုများကို အပြစ်ပေး အရေးယူနိုင်ရေး အစွမ်းကုန် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media