မူးယစ်ဆေးဝါးရောင်းနေစဉ် ဖမ်းဆီးခံရပြီး စစ်တပ်ထဲရောက်ရှိခဲ့ခြင်းဟု အလင်းဝင် တသ ချစ်မင်းသူ ဝန်ခံ (ရုပ်သံ)
သံလွင်မြန်မာသတင်း
မတ်လ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းယောင်းတွင်း မူးယစ်ဆေးဝါးရောင်းနေစဉ် ဖမ်းဆီးခံရပြီး စစ်တပ်ထဲ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း အလင်းဝင် တသ ချစ်မင်းသူက ဝန်ခံထားသည်။
အလင်းဝင်ခဲ့သည့် တသချစ်မင်းသူသည် တပ်မ ၅၅ လက်အောက်ခံ ခလရ ၉၄ ၌ တာဝန်ကျနေစဉ် အောင်ဇေယျစစ်ဆင်ရေးသို့ ပို့ဆောင်ခံခဲ့ရကာ ထွက်ပြေးလွတ်မြောက်လာပြီး KNLA ပူးပေါင်းတပ်ဖွဲ့ ထံ လက်နက် ၂ လက်နှင့်အတူ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မေး = ကိုယ်ပိုင်အမှတ် ၊ နာမည်၊ ရာထူး၊ တာဝန်နဲ့ မိခင်တပ်ဖွဲ့အမည်ကို ပြောပါ။
ဖြေ = တသချစ်မင်းသူ၊ ရွှေညောင် ၉၄ ။
မေး = စစ်တပ်ထဲကို ဘယ်လိုအကြောင်းကြောင့် ရောက်လာတာလဲ။
ဖြေ = ကျနော်မိုင်းယောင်းမှာနေတုန်းက ဆေးရောင်းရင်းနဲ့ ဖမ်းခံထိပြီးတော့ တပ်ထဲကို ရောက် လာတာ။ ဆေးက မိုးယုမှာသွားယူတော့ အပြန်မှာ ဖမ်းခံရတာ။ ခလရ ၃၃၄ က ဖမ်းပြီးတော့ သူတို့ ဗဟိုကင်းအချုပ်ထဲမှာ ထားထားတယ်။ အဲဒီမှာ တပတ်နေတော့ ကျနော့်ကို စစ်ထဲဝင်မလား၊ ထောင် ကျခံမလားမေးတယ်။ စစ်ထဲဝင်မယ်လို့ပြောတော့ အဲဒီဗဟိုကင်းအချုပ်ထဲမှာ လက်ထိပ်ခတ်ပြီးတော့ အကျယ်ချုပ်ပုံစံမျိုးထားထားတယ်။
မေး = ဘယ်လိုအကြောင်းကြောင့် အလင်းဝင်လာရတာလဲ။
ဖြေ = ကျနော်တို့ သင်တန်းပြီးတော့ သူတို့အာဏာသိမ်းပြီးပြီ။ သိမ်းပြီးပြီဆိုတော့ သူတို့က ပိုပိုပြီး ဆိုးလာတာ။ ဆိုးလာတဲ့အတွက် ကျနော်လည်းမကြိုက်တဲ့အတွက် အလင်းဝင်လာတာပါ။
မေး = အလင်းဝင်တော့ ဘာလက်နက် ယူဆောင်လာခဲ့လဲ။
ဖြေ = MA1 ၁ လက်၊ 2 တစ်လက်၊ ကျည်ဘောက် ၅ ဘောက်၊ ကျည်ကတော့ ၁၂၀ ရှိပါတယ်။ လက် ပစ်ဗုံး ၁ လုံးပါတယ်။
မေး = KNLA ထံရောက်တော့ ဘယ်လိုကြိုဆိုကြလဲ၊ ဘယ်လိုဆုချီးမြှင့်မှုရှိလဲ။
ဖြေ = ကျနော့်ကို ဂုဏ်ပြုငွေ သိန်း ၃၀ ပေးတယ်။ ပြီးတော့ မုန့်ဖိုးပေးတာမျိုးတွေရှိတယ်။ ကောင်း ကောင်းမွန်မွန်ပဲ ထားပေးတယ်။ နွေးနွေးထွေးထွေးကြိုဆိုပေးတယ်။
မေး = စစ်တပ်ထဲ ကျန်နေသေးတဲ့ သူငယ်ချင်းတွေကို ဘယ်လို သတင်းစကားပါးချင်လဲ။
ဖြေ = ဖြစ်နိုင်ရင်တော့ အမြန်ဆုံး ဒီဘက်ကို ကူးပြောင်းလာခဲ့ပါလို့၊ မကောင်းတဲ့ စနစ်ဆိုးတွေကို ပယ်ဖျက်ဖို့အတွက် လူငယ်တွေအကုန်လုံးကို လက်ကမ်းကြိုဆိုနေတယ်လို့ ပြောချင်ပါတယ်။
မေး = ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး စကစတပ်ထဲရောက်လာမယ့် လူငယ်တွေကို ဘယ် လိုသတင်းစကားပါးချင်လဲ။
ဖြေ = ဘယ်လိုပဲ ရောက်ရောက် နီးစပ်တဲ့နေရာ နီးစပ်သလိုနေပြီးတော့ ခိုနားစေချင်တယ်ပေါ့၊ ပေါ် တာဆွဲခံရလို့ ရောက်လာတယ်၊ ရောက်လာလည်း အနီးစပ်ဆုံးနေရာကို လာရောက်ပြီးတော့ ပူးပေါင်း စေချင်တယ်။ အကုန်လုံးပဲ။
Thanlwin Myanmar Media