NUG အစိုးရကို တရားဝင်အစိုးရအနေဖြင့် အသိအမှတ် ပြုပေးရေး ကနေအစိုးရကို တိုက်တွန်းပေး ရန် သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော် တောင်းဆို
သံလွင်မြန်မာသတင်း
မတ်လ ၁၅
NUG အစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ် ပြုပေးရေဂ ကနေဒါအစိုးရကို တိုက်တွန်းပေးရန် NUG အစိုးရ၊ သမ္မတရုံးပြောခွင့်ရ ပုဂ္ဂိုလ် ဦးကျော်ဇော်က တောင်းဆိုခဲ့ကြောင်း သိရသည်။
မတ်လ ၁၁ ရက်နေ့က ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့တွင် မြန်မာ့ဒီမိုကရေစီရေး ကနေဒါ လွှတ်တော် မိတ်ဆွေများ အဖွဲ့ (Parliamentary Friends of a Democratic Burma – PFODB) ၏ ပူးတွဲဥက္ကဋ္ဌ လည်းဖြစ်၊ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ Shadow Minister လည်းဖြစ်သူ ကနေဒါ Conservative ပါတီ၏ လွှတ်တော်အမတ် Garnett Genius နှင့် တွေ့ဆုံစဉ် အမျိုးသားညီညွတ်ရေး အစိုးရ၊ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က တောင်းဆိုခဲ့ခြင်းဖြစ်သည်။
လွှတ်တော်အမတ် Garnett Genius သည် ကနေဒါအစိုးရအနေဖြင့် မြန်မာ့အရေး အကူအညီ ပိုတိုး ပေးရန်၊ အထူးသဖြင့် လူသားစာနာမှု အကူအညီများ တိုးမြှင့် ပေးအပ်ရန်၊ အမျိုးသားညီညွတ်ရေး အစိုးရကို တရားဝင် အသိအမှတ်ပြုရန် တိုက်တွန်း ဆောင်ရွက်နေသူတဦး ဖြစ်ကြောင်း သိရသည်။
တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံရှိ အကူအညီ လိုအပ်နေသူများအတွက် လူသားစာနာမှုဆိုင်ရာ အသက် ကယ်အကူအညီများ၊ အထူးသဖြင့် စစ်ဘေးရှောင်များအတွက် အကူအညီများ တိုးမြှင့်ပေးအပ်ရန်နှင့် အမျိုးသားညီညွတ် ရေး အစိုးရကို တရားဝင်အစိုးရအဖြစ် ကနေဒါအစိုးရကအသိအမှတ်ပြုရေး ဆက် လက် တိုက်တွန်း လှုံ့ဆော်ပေးကြရန် သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်က တိုက်တွန်းပြောဆိုခဲ့ ကြောင်း သိရသည်။
ထို့အပြင် ကနေဒါတွင်ရောက်နေသည့် မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံ သားများထဲမှ အကျပ်အတည်းတွေ့နေသူများကို အကူအညီပေးရန်လည်း ဆက်လက် တိုက်တွန်း ပြောဆိုခဲ့ကြောင်း သိရသည်။
ကနေဒါ လွှတ်တော်အမတ်မှလည်း မြန်မာ-ကနေဒါ အသိုင်းအဝိုင်းနှင့် ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media