အုတ်တွင်းမြို့နယ်၊ ရန်ကုန် -မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်တပ်စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက် မှု စစ်သား ၁၅ ဦး သေဆုံး၊ လက်နက် ၆ လက်သိမ်းဆည်းရရှိ၊ စစ်တပ်က ပြည်သူ့နေအိမ် ၄ လုံးကို မီးရှို့ ဖျက်ဆီး
သံလွင်မြန်မာသတင်း
မတ်လ ၁၀
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန် -မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်တပ်စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးသေဆုံးပြီး လက်နက် ၆ လက်သိမ်းဆည်းရရှိကာ စစ်တပ်က ပြည်သူ့ နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အုတ်တွင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန် သည်။
ယမန်နေ့ မတ်လ ၉ ရက် နံနက် ၄ နာရီ ၃၀ မိနစ်က အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့နှင့် ညောင်ခြေ ထောက်မြို့ကြား၊ ရန်ကုန်-မန္တလေး လမ်းဟောင်းဘေး ကျောက်တိုင်ကျေးရွာရှိ စစ်တပ် စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြ ၂ ၊ ဗျူဟာ ၂၃ တပ်ဖွဲ့များဖြစ်သော တပ်ရင်း ၃၅၀၂ နှင့် အုတ်တွင်းမြို့နယ် ပကဖ ရဲဘော်များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲတွင် စစ်သား ၅ ဦး သေဆုံးပြီး လက်နက် ၆ လက်နှင့် ကျည်ဆံများ သိမ်းဆည်းရရှိခဲ့ကာ အုတ်တွင်းမြို့နယ် ပကဖမှ ရဲဘော်ဝမ်ချိုင်းသည် စစ်အာဏာရှင်စနစ် အမြတ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရသည်။
Photo – ရေအိုးစဉ်ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကြောင်းမှ သေဆုံးသွား သော စစ်သားများကို သယ်ဆောင်၍ ပြန်လည် ဆုတ်ခွာသွားစဉ်။
အလားတူ မတ်လ ၉ ရက်နေ့နှင့် ယနေ့မတ်လ ၁၀ ရက်နေ့တို့တွင် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ မြို့ စိုးတံတား အနီးရှိ ရေအိုးစဉ် ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရာက်လာသော အကြမ်းဖက် စစ်ကြောင်း အား အုတ်တွင်းမြို့နယ် ပကဖ၊ တပ်ရင်း ၃၅၀၂ ၊ Delta One Drone Force၊ တောင်ငူခရိုင် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ Eagle’s Power Arms Drone အဖွဲ့နှင့် Federal Peacock Drone တပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၁၀ ဦး သေဆုံး ခဲ့ကြောင်း၊ ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ယနေ့ နေ့လည်ခန့်တွင် ရေအိုးစဉ်ကျေးရွာရှိ ပြည်သူ့ နေအိမ် ၄ လုံး ကို မီးရှို့ဖျက်ဆီးကာ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
ထို့အပြင် ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ သပြေညွှန့် စစ်တပ် အထိုင်စခန်းကို PDF အထူးကွန်မန်ဒို တပ်ရင်း P29914၊ KNLA တပ်မဟာ ၂ ၊ KNLA တပ်မဟာ ၃ ၊ ယောနသံ Drone Forceတို့ ပူးပေါင်း သိမ်းပိုက်ပွဲတွင်လည်း အုတ်တွင်းမြို့နယ် ပကဖ မှ စစ်ကူလမ်းကြောင်းဖြတ်တောက်ရေး တာဝန် ယူကာ ပါဝင်ခဲ့ကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media