ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘိရှော့၏ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများ အပေါ် စုံစမ်း စစ်ဆေးရန်နှင့် ကုလသမဂ္ဂလုပ်ငန်းတာဝန်များ ဆက်ပြီးထမ်းဆောင်ရန် သင့်လျော်မှုရှိ၊ မရှိ ပြန် လည်သုံးသပ်ရန် Justice For Myanmar တိုက်တွန်း
သံလွင်မြန်မာသတင်း
မတ်လ ၁၀
ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘိရှော့၏ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများ အပေါ် စုံစမ်း စစ်ဆေးရန်နှင့် ကုလသမဂ္ဂလုပ်ငန်းတာဝန်များ ဆက်ပြီးထမ်းဆောင်ရန် သင့်လျော်မှုရှိ၊ မရှိ ပြန် လည်သုံးသပ်ရန် Justice For Myanmar တိုက်တွန်း တောင်းဆိုလိုက်သည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် အဖြစ် ခန့် အပ်ခံရသူ ဂျူလီဘိရှော့သည် Energy Transition Minerals (ETM) အပါအဝင် စီးပွားရေးလုပ်ငန်း များ တွင် ပတ်သက်ဆက်နွှယ်နေပြီး မကြာသေးမီက ၎င်းအား ETM ကုမ္ပဏီတွင် မဟာဗျူဟာ အကြံ ပေးအဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ခန့်အပ်မှုသည် မြန်မာနိုင်ငံတွင် ပါဝင်ပတ်သက်မှုရှိသော တရုတ်နိုင်ငံပိုင်ကုမ္ပဏီများနှင့် ဆက် နွှယ်သည့် ဂရင်းလန်းဒေသရှိ အငြင်းပွားဖွယ် ယူရေနီယမ်နှင့် မြေရှားသတ္တုတူးဖော်ရေးစီမံကိန်း အတွက် အကြံပေးရန် ဖြစ်ကြောင်း သိရသည်။
ဂျူလီဘိရှော့အား ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ၂၀၂၄ ခုနှစ်၊ ဧပြီလ တွင် ခန့်အပ်ခဲ့ပြီး ယင်းရာထူးတာဝန်သည် မြန်မာနိုင်ငံအတွင်း အကျပ်အတည်းများအား ဖြေရှင်း ဆောင်ရွက် ရမည်ဖြစ်၍ သူမအနေဖြင့် ဒီမိုကရေစီဘက်သားများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ထိ ခိုက်နစ်နာသည့် ရပ်ရွာလူထုများနှင့် ထိတွေ့ဆက်ဆံရာတွင် ယုံကြည်မှုနှင့် သမာသမတ်ရှိမှုတို့က လွန်စွာ အရေးပါကြောင်း JFM က ထောက်ပြထားသည်။
သို့ရာတွင် သတ္တုတူးဖော်ရေးကဏ္ဍတွင် ဂျူလီဘိရှော့၏ ပါဝင်ပတ်သက်မှု၊ တရုတ်ကုမ္ပဏီများနှင့် ဆက်နွှယ်မှုများသည် သူမ၏ ကျင့်ဝတ်ပိုင်းဆိုင်ရာစောင့်ထိန်းလိုက်နာမှုနှင့် တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်မှုတို့အပေါ် စိုးရိမ်ဖွယ် မေးခွန်းများကို ဖြစ်ပေါ်စေပြီး ကုလသမဂ္ဂအထွေထွေ အတွင်း ရေးမှူး အန်တိုနီရိုဂူတာရက်စ့်အနေဖြင့် ဂျူလီဘိရှော့၏ စီးပွားရေးလုပ်ငန်းများမှ အကျိုးစီးပွား ပဋိ ပက္ခများကို စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ပေးရန် Justice For Myanmar က တောင်းဆို လိုက်သည်။
“ဂရင်းလန်းက ဒေသခံ တိုင်းရင်းသားလူထုတွေ တရားသဖြင့် ဆန့်ကျင်ကန့်ကွက်ထားတဲ့ တရုတ် ကျောထောက်နောက်ခံပြု သတ္တုတူးဖော်ရေးစီမံကိန်းအတွက် အကြံပေးအဖြစ် ခန့်အပ်တာ အပါ အဝင် ကုလသမဂ္ဂအထူး ကိုယ်စားလှယ် ဂျူလီဘိရှော့ရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အ ထူးစိုးရိမ်မိပါတယ်။ တရုတ်နိုင်ငံက မြန်မာစစ်အုပ်စုရဲ့ အကြီးဆုံးစစ်လက်နက်ရောင်းချတဲ့ နိုင်ငံ တစ်ခုဖြစ်ပြီး၊ မြန်မာစစ်အုပ်စုအတွက် သတ္တုတူးဖော်ရေးကဏ္ဍက အပါအဝင် အရေးပါတဲ့ အခွန်ဝင် ငွေရင်းမြစ်တွေကိုလည်း ပေးနေပါတယ်။ မြန်မာစစ်အုပ်စုဆီ စစ်လက်နက်နဲ့ ဘဏ္ဍာငွေတွေ ပေးနေ ရာကနေ တရုတ်အစိုးရက လက်ရှိကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူး လွန်တဲ့ရာဇဝတ်မှုတွေမှာ အားပေးအားမြှောက်လုပ်နေပါတယ်။ ဒါကြောင့် ကုလသမဂ္ဂအထူးကိုယ် စားလှယ်နဲ့ တရုတ်အစိုးရတို့ကြား စီးပွားရေးဆိုင်ရာ ဆက်နွှယ်မှုမှန်သမျှကို စိုးရိမ်မကင်း ရှိနေမှာ ဖြစ်ပြီး၊ အထူးကိုယ်စားလှယ်တာဝန်ကို ဂုဏ်သိက္ခာရှိရှိ ထမ်းဆောင်နိုင်စွမ်းအပေါ်မှာလည်း မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ်။ဂျီလီဘိရှော့ ပတ်သက်ဆက်နွှယ်နေတဲ့ကုမ္ပဏီက မြန်မာစစ်တပ်နဲ့ မသမာ တဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့ သမိုင်းကြောင်းရှိခဲ့တယ်ဆိုတဲ့အချက်က သူမရဲ့ အလုပ်တွေ အတွက် ပိုပြီး မေးခွန်းထုတ်စရာ ဖြစ်စေပါတယ်။ ဂရင်းလန်းသားတွေရဲ့ အခွင့်အရေးတွေ အပေါ် ဂျူလီဘိရှော့ရဲ့ ပေါ်ပေါ်ထင်ထင် လျစ်လျူရှုမှုက မြန်မာပြည်သူတွေရဲ့ အခွင့်အရေးတွေကို ကာ ကွယ်စောင့်ထိန်းပေးနိုင်မယ့် အတိုင်းအဆပေါ်မှာလည်း နောက်ထပ် စိုးရိမ်စရာ ဖြစ်စေပါတယ်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးအနေနဲ့ ဂျူလီဘိရှော့ရဲ့ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုတွေ အပေါ် စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို အရေးတကြီး လုပ်ဆောင်ဖို့၊ ကုလသမဂ္ဂလုပ်ငန်းတာဝန်တွေ ဆက်ပြီးထမ်းဆောင်ဖို့ သင့်လျော်မှန်ကန်ရဲ့လားဆိုတာ ပြန်လည်သုံးသပ်ဖို့နဲ့ တွေ့ရှိချက်တွေကို အများပြည်သူဆီ ထုတ်ပြန်ဖို့ တိုက်တွန်း တောင်းဆိုပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားခဲ့သည်။
ဩစတြေးလျစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ ETM မှတဆင့် ဂျူလီဘိရှော့၏ တရုတ်နိုင်ငံပိုင် ကုမ္ပဏီများနှင့် ဆက်နွှယ်မှုများကို Saturday Paper သတင်းစာက ပထမဆုံး သတင်းရေးသား ဖော်ပြခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ဂျူလီဘိရှော့အား သူမ၏ စီးပွားရေးအကြံပေးလုပ်ငန်း Julie Bishop and Partners မှတဆင့် ETM ကုမ္ပဏီ၏ မဟာဗျူဟာအကြံပေးအဖြစ် ခန့်အပ်ခဲ့ရာ ကုမ္ပဏီ၏ ထုတ် ပြန်ချက်အရ ဂျူလီဘိရှော့၏ အခန်းကဏ္ဍသည် “လက်ရှိဆောင်ရွက်နေသည့် ဥပဒေကြောင်းအရ လုပ်ငန်းစဉ်နှင့်အပြိုင် Kvanefjeld စီမံကိန်း ဖော်ဆောင်ရေးကို ဆက်လက်လုပ်ဆောင်နိုင်ရေး” အ တွက် ဘုတ်အဖွဲ့သို့ အကြံပေးရန် ဖြစ်ကြောင်း သိရသည်။
ဂရင်းလန်းအနောက်တောင်ဒေသရှိ ETM ကုမ္ပဏီ၏ Kvanefjeld သတ္တုတူးဖော်ရေးစီမံကိန်းအား သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာစိုးရိမ်ဖွယ်ရာများကြောင့် ဒေသခံလူထုက ဆန့်ကျင် ထားပြီး၊ ၂၀၂၁ ခုနှစ်တွင် ဂရင်းလန်းအစိုးရက ယူရေနီယံတူးဖော်မှုအား ပိတ်ပင်ချက်ကို ပြဌာန်း လိုက်ပြီးနောက် ယင်းစီမံကိန်း ကိုလည်း ရပ်ဆိုင်းထားခဲ့ကြောင်း သိရသည်။
ETM ကုမ္ပဏီသည် ဒိန်းမတ်နိုင်ငံတွင် တရားစွဲဆိုမှုမှတဆင့် လျော်ကြေးငွေအဖြစ် အမေရိကန် ဒေါ် လာ ၁၁.၅ ဘီလီယံကို တောင်းဆိုထားပြီး ယင်းဆုံးဖြတ်ချက်အပေါ် ကျယ်ကျယ်လောင်လောင် ဝေဖန် မှုများ ရှိခဲ့ကြောင်း၊ ယင်း လျော်ကြေးပမာဏသည် ဂရင်းလန်းဒေသ ဂျီဒီပီ၏ ၄ ဆနီးပါး ရှိ ကြောင်း သိရသည်။
Kvenfjeld စီမံကိန်းတွင် အဓိကမိတ်ဖက်ကုမ္ပဏီတစ်ခုမှာ Shenghe Resources ဖြစ်ပြီး တရုတ်နိုင်ငံ ၏ တစ်စိတ်တစ်ပိုင်း နိုင်ငံပိုင်ကုမ္ပဏီဖြစ်ကြောင်း၊ မြေရှားသတ္တုတူးဖော်သည့် ကုမ္ပဏီလုပ်ငန်းစုကြီး ဖြစ်ပြီး Shenghe Resources သည် ETM ၏ အဓိကရှယ်ယာရှင်ဖြစ်ကြောင်း၊ ကုမ္ပဏီ၏ ၉ ရာခိုင်နှုန်း ကို ထိန်းချုပ်ထားကြောင်း သိရသည်။
သို့ဖြစ်ရာ ကုမ္ပဏီသည် ဂျူလီဘိရှော့ အကြံပေးသည့် ETM ဘုတ်အဖွဲ့တွင် နေရာတစ်နေရာ ထားရှိ ပြီး Shenghe Resources သည် ETM ကုမ္ပဏီတွင် ပိုင်ဆိုင်မှု ၁၉.၉ ရာခိုင်နှုန်းအထိ ၎င်းတို့၏ ရှယ် ယာတန်ဖိုးယုတ်လျော့မှုအား ကာကွယ်ခွင့် (anti-dilution rights) ကို ပိုင်ဆိုင်ထားကြောင်း သိရ သည်။
၂၀၁၈ ခုနှစ်တွင် Shenghe Resources နှင့် ETM တို့သည် Kvanefjeld မှ တရုတ်နိုင်ငံသို့ ယူရေနီ ယမ်ပါဝင်သော မြေရှားသတ္တုရိုင်းများတင်ပို့ရေးနှင့် အဆိုပါစီမံကိန်းအတွက် မဟာဗျူဟာ အစီအစဉ် တစ်ရပ်ရေးဆွဲရေး တို့အတွက် နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရ သည်။
နောက်နှစ်တွင် Shenghe Resources သည် အဆိုပါတင်ပို့မှုများကို ဥပဒေနှင့်ညီသော တင်ပို့မှုအဖြစ် ဖန်တီးရန် တရုတ်အမျိုးသားနျူကလီးယား ကော်ပိုရေးရှင်း (China National Nuclear Corporation) ၏ ကုမ္ပဏီခွဲတစ်ခုနှင့် ဖက်စပ်ကုမ္ပဏီတစ်ခုကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ETM ၏ နောက်ထပ်မိတ်ဖက်ကုမ္ပဏီတစ်ခုသည် China Communications Construction Company (CCCC) ဖြစ်ပြီး ယင်းကုမ္ပဏီသည် နိုင်ငံပိုင်ဆောက်လုပ်ရေးလုပ်ငန်းစုကြီးဖြစ်ကာ Kvanefjeld စီမံကိန်းအတွက် ဒီဇိုင်းရေးဆွဲရေးအဖွဲ့တွင် ပါဝင်ကြောင်း သိရသည်။
ETM ၏ တရုတ်မိတ်ဖက်များနှင့် မြန်မာနိုင်ငံ ဆက်နွှယ်မှုများ Shenghe Resources သည် မြေရှား သတ္တုကို တူးဖော်သူ၊ သန့်စင်ချက်လုပ်သူနှင့် ရောင်းချသူ ကုမ္ပဏီကြီးတစ်ခု ဖြစ်ပြီး ဈေးကွက်အရင်း တန်ဖိုး အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံကျော်ဖိုး ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသည် အကြီးမားဆုံး မြေရှားသတ္တုရောင်းချသည့်နိုင်ငံဖြစ်ပြီး ကချင်ပြည်နယ်ရှိ ဂေဟ စနစ်၊ သက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ဒေသရေအရင်းအမြစ်များအပေါ် မြေရှားသတ္တု တူးဖော် ရေးလုပ်ငန်းများ၏ ဆိုးကျိုးသက်ရောက်မှုများကို လေ့လာမှတ်တမ်းပြုထားသည့် ၂၀၂၂ ခုနှစ် Global Witness အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။
Global Witness က မြေရှားသတ္တုတူးဖော်ရေးမှ အခွန်ငွေများသည် မြန်မာစစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုများအတွက် ဘဏ္ဍာငွေထောက်ပံ့နိုင်သည့် အန္တရာယ်မြင့်မားကြောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းကို ယူနန်ပြည်နယ်နှင့် ကချင်ပြည်နယ် နယ်စပ်တွင် လုပ်ကိုင်နေသည့် တရုတ်ကုမ္ပဏီများက လက်ဝါးကြီးအုပ်ထားပြီး မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်း သည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အလျင်အမြန် တိုးချဲ့လာခဲ့ကြောင်း၊ အထူးသဖြင့် မကြာသေးမီ ကာလများအထိ ထိန်းချုပ်ထားသည့် မြန်မာစစ်တပ်ကွပ်ကဲမှုအောက်ရှိ စခုန်တိန့်ယိန်း ခေါင်းဆောင် သော ကချင်နယ်ခြားစောင့်တပ် ဒေသများတွင် ဖြစ်ကြောင်း သိရသည်။
ကချင်လွတ်လပ်ရေးတပ်မတော်သည် ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ကချင်နယ်ခြားစောင့်တပ်အား တိုက်ခိုက်ချေမှုန်းခဲ့ပြီး အဆိုပါဒေသများကို ထိန်းချုပ်ရယူခဲ့မှုကြောင့် သတ္တုတူးဖော်ရေး လုပ်ငန်း များကို ဟန့်တားထားနိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း ယင်းလုပ်ငန်း၏ အနာဂတ်လားရာမှာ မရေမရာ ဖြစ်လာခဲ့သည်ဟု ဆိုသည်။
Shenghe Resources ၏ ကော်ပိုရိတ်ထုတ်ပြန်ချက်များတွင် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံမှ မြေရှား သတ္တုများကို ရယူနိုင်ကြောင်း ဖော်ပြထားပြီး Justice For Myanmar ၏ မေးခွန်းများကို Shenghe Resources ကပြန်လည်ဖြေကြားခြင်း မရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
CCCC ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် အသက်ဝင်ဆဲဖြစ်ပြီး တရုတ်-မြန်မာစီးပွားရေးစင်္ကြန် စီမံကိန်း များနှင့် ဆက်နွှယ်နေကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ကုမ္ပဏီသည် အငြင်းပွားဖွယ် ရန်ကုန်မြို့သစ်စီမံ ကိန်း အတွက် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံတန်ဖိုးရှိ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ ကြောင်း သိရသည်။
ယင်းစီမံကိန်းကို စစ်အုပ်စုက ပြန်လည်စတင်ရန် စီစဉ်နေကြောင်း သိရသည်။
မြန်မာကုမ္ပဏီမှတ်ပုံတင်ဌာနတွင် မြန်မာနိုင်ငံ၌ CCCC ရုံးခွဲ တစ်ခုအပြင် အနည်းဆုံး နောက်ထပ် CCCC ကုမ္ပဏီခွဲ နှစ်ခုရှိသည်ကို တွေ့ရပြီး ယင်းကုမ္ပဏီများမှာ Myanmar China Harbor Engineering Company Limited နှင့် China Road and Bridge (Myanmar) Company Limited တို့ ဖြစ်ကြောင်း သိရသည်။
China Harbor Engineering ကုမ္ပဏီသည် စစ်ကောင်စီက ဆက်လက်လုပ်ဆောင်ရန် ကြိုးပမ်းနေ သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း လုပ်ငန်းစုတွင် ပါဝင်ပြီး ဇန်နဝါရီလတွင် ကုမ္ပဏီသည် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းအဆောက်အဦများဖွံ့ဖြိုးရေးစီမံကိန်းအတွက် နားလည်မှု စာချွန်လွှာတစ်ရပ် ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ယင်းအခမ်းအနားကို ဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် စစ်အုပ်စု ဝန် ကြီးတစ်ဦးက ဦးဆောင်တာဝန်ယူခဲ့ကြောင်း သိရသည်။
၂၀၁၆ ခုနှစ်တွင် China Road and Bridge ကုမ္ပဏီအား ကရင်ပြည်နယ်ရှိ အိန္ဒု-ကော့ကရိတ် လမ်း ပိုင်း အဆင့်မြှင့်တင်ခြင်းအတွက် စာချုပ်ပေးအပ်ခဲ့ရာ ထိုလမ်းပိုင်းသည် မြန်မာစစ်တပ်၏ မဟာဗျူ ဟာ အကျိုးစီးပွားအဖြစ် ဖြည့်ဆည်းပေးမည်ဖြစ်သဖြင့် ပဋိပက္ခ ပိုမိုတိုးပွားစေနိုင်ခြင်းကြောင့် အရပ် ဘက် အဖွဲ့အစည်းများက ကန့်ကွက်ခဲ့ကြောင်း သိရသည်။
စစ်အုပ်စုသည် တရုတ်အမျိုးသားနျူကလီးယားကော်ပိုရေးရှင်းနှင့်လည်း ပြီးခဲ့သည်နှစ်တွင် ထိတွေ့ ဆက်ဆံခဲ့ပြီး၊ နျူကလီးယားစွမ်းအင်ဖွံ့ဖြိုးရေးအတွက် အကူအညီများ တောင်းခံခဲ့ကြောင်း သိရ သည်။
ဂျူလီဘိရှော့၏ အခြားစီးပွားရေးဆက်နွှယ်မှုများ
=====================================
ဂျူလီဘိရှော့သည် ဩစတြေးလျပုဂ္ဂလိက ရေနံနှင့်သဘာဝဓါတ်ငွေ့ကုမ္ပဏီ Twinza Oil Limited အတွက် မဲဆွယ်စည်းရုံးသူ (Lobbyist) အဖြစ် မှတ်ပုံတင်ထားပြီး ယင်းကုမ္ပဏီသည် ပါပူဝါနယူးဂွာနီ ရာ နိုင်ငံတွင် ပိုင်ဆိုင်မှုများရှိကာ စင်ကာပူနိုင်ငံတွင် ရုံးခန်း ဖွင့်လှစ်ထားကြောင်း သိရသည်။
Twinza Oil ကုမ္ပဏီ၏ အများစုပိုင်ဆိုင်သူများသည် ကလောက်ဂျ်မိသားစု (Clough family) နှင့် ဟောင်ကောင်နှင့် လန်ဒန်အခြေစိုက် Kerogen Capital ကုမ္ပဏီတို့ ဖြစ်ကြကြောင်း သိရသည်။
ယင်းကုမ္ပဏီသည် မြန်မာနိုင်ငံတွင် နက်ရှိုင်းသော သမိုင်းကြောင်းပြဿနာ ရှိနေပြီး တနင်္သာရီကမ်း လွန်ရှိ ရဲတံခွန် အရှေ့လုပ်ကွက်အတွက် ၂၀၀၆ ခုနှစ်တွင် ယခင်စစ်အစိုးရနှင့် ထုတ်လုပ်မှုခွဲဝေရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ကုမ္ပဏီ၏ ဘုတ်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေသည့် Twinza တည်ထောင်သူ Bill Clough သည် ယခုအခါ ရပ်နားလိုက်ပြီဖြစ်သည့် မြန်မာတိုင်းမ်သတင်းစာတွင် အဓိကရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ယင်း သတင်းစာသည် စစ်ထောက်လှမ်းရေးနှင့် ဆက်နွှယ်ခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ဂျူလီဘိရှော့သည် နောက်ထပ် ဩစတြေးလျသဘာဝရင်းမြစ် ထုတ်လုပ် ရေးကုမ္ပဏီ Summit Gold Limited နှင့် ပါပူဝါနယူးဂွာနီယာရှိ ရွှေတူးဖော်ရေးစီမံကိန်း အတွက် အ ကြံပေးရန် သဘောတူ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ဂျူလီဘိရှော့သည် ဩစတြေးလျသတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုဖြစ်သော Mineral Resources (MinRes) အတွက်လည်း အလုပ်လုပ် ပေးခဲ့ပြီး ယင်းကုမ္ပဏီသည် တရုတ်နိုင်ငံပိုင်ကုမ္ပဏီ China Baowu Steel Group ၏ မိတ်ဖက် ဖြစ်ကြောင်း သိရသည်။
China Baowu Steel Group ၏ ကုမ္ပဏီခွဲတစ်ခုသည် စစ်အုပ်စုအတွက် ငွေကြေးထောက်ပံ့နေသည့် မြန်မာနိုင်ငံရှိ တကောင်းတောင် နီကယ်သန့်စင်စက်ရုံကို လုပ်ကိုင်ကြောင်း သိရသည်။
တရုတ်အစိုးရပိုင်ကုမ္ပဏီများနှင့် မြန်မာနိုင်ငံတွင် အကျိုးစီးပွားရှိနေသည့် ကုမ္ပဏီများအပါအဝင် ကုမ္ပဏီများစွာတို့တွင် ဂျူလီဘိရှော့၏ ဆက်နွှယ်မှုများသည် လက်ခံနိုင်ဖွယ်မရှိသည့် အကျိုးစီးပွား ပဋိပက္ခများကို ဖြစ်စေပြီး ယင်းအကျိုးစီးပွားပဋိပက္ခများကို အလုံးစုံ စုံစမ်းစစ်ဆေးရမည် ဖြစ် ကြောင်း Justice For Myanmar က တောင်းဆိုထားသည်။
Thanlwin Myanmar Media