ကဗျာ ကဏ္ဍ “နှစ်ကူးသစ္စာ”
ပျိုးကြဲလက်
ခဲယမ်းမီးကျောက် ၊ ဗုံးအမြောက်နှင့်
နှင်းပျောက်သည့်နွေ ၊ ရောက်ပြီလေ ။
လမြတ်တန်ခူး ၊ သည်နှစ်ဦးမှာ
နှစ်ကူးပွဲတော် ၊ တိုက်ပွဲခေါ်ပြီ ။
မြောက်ပြန်လေရိုင်း ၊ ဘီလူးဆိုင်းနှင့်
အုန်းဒိုင်းသံက ၊ ညံမစဲ ။
သင်္ကြန်တင့်ဆန်း ၊ ပိတောက်ပန်းတို့
ပွင့်လန်းကြကုန်၊ ယမ်းနံ့ထုံ၏ ။
နွေတေးသီဆို ၊ ဥသြဖိုပင်
စိုရွှဲမျက်ရည် ၊ ဝဲလေပြီ ။
တကူကူးကူ ၊ ရွှေချိုးဖြူလည်း
သာတူညီမျှ ၊ မျက်ရည်ကျသည် ။
စစ်မီးခ ရာ ၊ လူတို့မှာကား
ဘယာမလွဲ ၊ ခန္ဓာစဲ၏ ။
စည်းစိမ်ချမ်းသာ ၊ သူ့အိမ်ယာလည်း
ပြာပူလောင်မီး ၊ ကျသတည်း ။
အို နတ်တို့စောင့်ကြပ် ၊ မှန်ရာရပ်၍
တပ်လှန့်တော်လှန် ၊ ခါသင်္ကြန်ဝယ်
ဧကန်မှိုင်းမ ၊ ဤလောကတွင်
ဝါဒချင်းပြိုင် ၊ ဓမ္မနိုင်စေ
တိုင်တည်သစ္စာ ၊ မြေကမ္ဘာက
ဝါဒအမှားတို့ ကွယ်စေသား ။
ငါကွသမားတို့ ပယ်စေသား ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၂ ခုနှစ်၊ ဧပြီလ ၆ ရက် မွန်းလွဲ ၂ နာရီ ၁၁ မိနစ်
Thanlwin Myanmar Media