ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်တပ်စခန်း ၃ ခုကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
မတ်လ ၄
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ၃ ခုကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီးလက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အထူးကွန်မန်ဒိုတပ်ရင်း (P2-9914) ထံမှ သိရသည်။
မတ်လ ၁ ရက် နံနက် ၄ နာရီ ၁၀ မိနစ်က ကျောက်ကြီးမြို့နယ်အတွင်းရှိ တောင်စုကျေးရွာနှင့် တမာခေါ ကျေးရွာတို့တွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ် စခန်း ၃ ခုကို ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး အများအပြားဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ အသုံးပြုသော MA-1 အမျိုးအစား သေနတ် ၁ လက် ၊ MA ကျည် ၅၂၅ တောင့် ၊ ကျည်ဘောက် (သံ) ၆ ခု ၊ ကျည်ဘောက် (ကော်) ၃ ခု ၊ ကျည်ကာ ဦးထုပ် ၆ လုံး ၊ RPG (အသီး) ၃ လုံး ၊ RPG (ပို့ယမ်း) ၂ ခု ၊ ၆၀ မမ ဗုံးသီး ၇ လုံး ၊ အီနာကာ (MA) ၃ ခု ၊ မိုင်းရှာစက် ၁ ခု နှင့် ဂျန်ဘာစက် ၁ လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်ရင်း ၉ ၊ တပ်ရင်း ၈ နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ အထူး ကွန်မန်ဒိုတပ်ရင်း (P2-9914) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ကွင်းချောင်းဝရွာနှင့် ရွာကြီးအင်းရွာ၌ အထိုင်ချတပ်ဆွဲထားသည့် စစ် တပ်တို့က လက်နက်ကြီးဖြင့် ပစ်ကူတိုက်ခိုက်ပေးခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပြီးနောက် ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျောက်ကြီးမြို့နယ် အင်းနက်ရွာကို စစ်ကောင်စီတပ် က Y-12 လေယာဉ်ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး ထိခိုက် ဒဏ်ရာရရှိကာ နေအိမ် ၄ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media