စစ်ကိုင်းမြို့ရှိ ဆွမ်းဦးပုညရှင်ဘုရား ထီးတင်ပွဲလာသည့် စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် မြတ်ကျော်၏ လုံခြုံရေး စစ်သားများ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၂၇
စစ်ကိုင်းမြို့ရှိ ဆွမ်းဦးပုညရှင်ဘုရား ထီးတင်ပွဲလာသည့် စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် မြတ်ကျော်၏ လုံခြုံရေးစစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၆ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်က စစ်ကိုင်းမြို့ရှိ ဆွမ်းဦးပုညရှင် ဘုရား ထီးတင်ပွဲသို့ ရောက်ရှိနေသည့် စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်မြတ်ကျော်လုံခြုံရေး အ တွက် စစ်ကိုင်းမြို့အဝင် ဆိုင်းဘုတ်အနီး စစ်ကိုင်း-မုံရွာ-ရွှေဘို လမ်းပေါ်တွင် ကင်းစောင့်နေသော စစ်သား ၅ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး နေရာမှာပင် ပွဲချင်းပီး သေဆုံးပြီး ကျန် ၁ ဦးမှာ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရ သည်။
Photo – စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်မြတ်ကျော်နှင့်အဖွဲ့အားတွေ့ရစဉ် (ပုံဟောင်း)
“စကစခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နဲ့ အဖွဲ့တွေ မနက်ပိုင်းကတည်းက ဆွမ်းဦးပုညရှင်ထီးတော်တင် ပွဲရောက်နေတာ၊ နောက်ပြီးတော့ ကြေးနီတင်ကားတန်းတွေလည်းရှိတယ်။ ဘုရားထီးတင်ပွဲက ဒီနေ့ လုပ်တယ်လို့ ကြားတယ်၊ ကြေးနီတင်ကားတန်းတွေလည်း ဒီနေ့ထွက်လာပြီ။ လက်နက်တွေတော့ မရလိုက်ဘူး။ အနီးမှာရှိတဲ့ စစ်ကိုင်းတက္ကသိုလ်ထဲက လက်နက်ကြီးပစ်ကူပေးနေတာရယ်၊ အနီး အ နားမှာရှိတဲ့ တခြားကင်းအဖွဲ့တွေလည်းက လာပြီးပစ်ကူပေးနေလို့ ပြန်ဆုတ်ခဲ့ရတာပါ” ဟု လင်းယုန် ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များက ဝင် ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားလုံး အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က အနီးအနားရှိ ကျေးရွာများ အတွင်း သို့လက်နက်ကြီးဖြင့် ၅ လုံးရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ညောင်ပင်စဉ်နေ အသက် ၅၅ နှစ် အရွယ် အမျိုးသား ၁ ဦး နှင့် မြင်းမွှေးကျေးရွာနေ အသက် ၆၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media