ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီဂိတ်စခန်း ၇ ခုကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး ဂိတ်စခန်းများကို မီးရှို့ဖျက်ဆီး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၂၇
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်နှင့် ဖြူးမြို့နယ် အတွင်း ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ စစ် ကောင်စီတပ်ဖွဲ့များ အခြေချတပ်စွဲထားသည့် ဂိတ်စခန်း ၇ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၈ ဦး သေဆုံးပြီး ဂိတ်စခန်းများကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း အမှတ် ၂ စစ်ဒေသက ထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၂၅ ရက်နှင့် ၂၆ ရက်နေ့များက ကျောက်တံခါးမြို့နယ်နှင့်ဖြူးမြို့နယ်၊ ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေချ တပ်စွဲထားသည့် ဂိတ်စခန်း ၇ ခုကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲလက်အောက်ခံ တပ်များနှင့် KNU/KNLA ပူးပေါင်း တပ်များက တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ စခန်း များအားလုံးကိုလည်း မီးရှို့ဖျက်ဆီးရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ လက်အောက်ရှိ အမှတ် ၃၇၀၂ တပ်ရင်း၊ အမှတ် ၃၅၀၂ တပ်ရင်း၊ Spring Warrior Column တပ်ရင်း၊ အာဠာဝကစစ်ကြောင်း ၇၈၀၃ ၊ ဧရာဝတီစစ်ကြောင်း ၆၀၀၂ ၊ စစ်တောင်းစစ် ကြောင်း၊ ရန်ကုန် ပကဖ၊ ဖြူး ပကဖ တို့နှင့် KNLA တပ်ရင်း ၉ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့် စစ်ရေးလှုပ်ရှားမှုကို တိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များ၊ ဂိတ်စခန်းများ အနီးဝန်းကျင်သို့ မလိုအပ်ပဲ သွားရောက်ခြင်းများမပြုကြပါရန် အသိပေးထုတ်ပြန်ထားသည်။
Thanlwin Myanmar Media