အောင်မြင်မှုရရှိလာချိန်တွင် သွေးခွဲမှုများရှိလာတတ်ပြီး နားမယောင်ကြရန် NUG ဝန်ကြီးချုပ် တိုက်တွန်း (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၂၄
အောင်မြင်မှုရရှိလာချိန် သွေးခွဲမှုများရှိလာတတ်ပြီး နားမယောင်ကြရန် NUG ပြည်ထောင်စုဝန်ကြီး ချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။
ရန်ကုန်နှင့်ပဲခူးဒေသများကို စိုးမိုးရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေး ဝန် ကြီးဌာန၊ ပြည်သူ့ကာ ကွယ်ရေးတပ်မတော်လက်အောက်ရှိ တပ်များ စတင်ရွှေ့စဉ် NUG ဝန်ကြီး ချုပ် မန်းဝင်းခိုင်သန်း တပ်ထွက်မိန့်ခွန်း ပြောဆိုရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“အခုအချိန်မှာ အောင်မြင်မှုတွေ အများကြီးရနေပြီ။ အောင်မြင်မှုရတဲ့အခါမှာ သွေးခွဲတာတွေ များ လာတယ်။ မင်းတို့လည်း သိပါလိမ့်မယ်။ အဲဒီကြားထဲမှာ တတိယအုပ်စုဆိုတာလည်း ရှိသေးတယ်။ သွေးခွဲကြလိမ့်မယ်။ ငါတို့ PDF တွေနဲ့ အစိုးရ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ ခွဲတာလည်းရှိလိမ့်မယ်။ အဲဒါ တွေတော့ နားမယောင်ပါနဲ့။ မင်းတို့ ခေါင်းထဲမှာ မင်းအမြဲတမ်း ထည့်ထားရမှာက အာဏာရှင် စနစ် တွေ ချုပ်ငြိမ်းဖို့က ပထမ အာဏာရှင်စနစ်ချုပ်ငြိမ်း ဒုတိယ၊ အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့က တတိယ ဆိုတာပဲ ဦးနှောက်ထဲ ထည့်ထား။ အာရုံတွေ ထွေပြားသွားရင် ငါတို့တော်လှန်ရေးက နှောင့်နှေးသွား မယ်။ နှောင့်နှေးလို့ကတော့ မရတော့ဘူး။ ဘာလို့ဆိုတော့ ၄ နှစ်ရှိသွားပြီ။ ဒီ ၄ နှစ်မှာ မင်းတို့တွေ ကြံ့ကြံ့ခိုင်နိုင်မှုအတွက်လည်း ချီးကျူးတယ်။ ပြည်သူတွေ ကြံ့ကြံ့ခိုင်နိုင်တာလည်း ချီးကျူးတယ်။ ဒီ တော်လှန်ရေးက မင်းတို့ လူငယ်တွေပြည်သူတွေရဲ့ တော်လှန်ရေးပဲ။ ငါတို့ကထိန်းကွပ်တဲ့ ဦးဆောင် မှုပေးတဲ့ အခန်းကဏ္ဍကပဲ ရှိတယ်။ ရှေ့ဆက်ပြီးတော့ မင်းတို့ပဲ တိုင်းပြည်တည် ဆောက်သွား ကြရ မှာပဲ။ အဲဒီအတွက် ကိုယ့်ရဲ့ ရည်ရွယ်ချက်တွေကို ခိုင်ခိုင်မာမာထားပါ။ တော်လှန်ရေးကတော့ အောင် မြင်ဖို့ကတော့ နီးနေပါပြီ။ စစ်ကောင်စီ ပြုတ်ကျလုမတတ်ဖြစ်နေပါပြီ။ အကွဲအလဲဖြစ်နေပြီ ။ ဒါတွေ က ငါတို့ရဲ့ ညီညွတ်မှုတွေပဲ။ ညီညွတ်မှုပြိုကွဲသွားရင်တော့ တော်လှန်ရေးက နှောင့်နှေးသွား လိမ့် မယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။
ထိုသို့ တပ်ရွှေ့ပြောင်းရခြင်းရည်ရွယ်ချက်သည် ရန်ကုန်တိုင်း၊ ပဲခူးတိုင်းအတွင်း ထိုးဖောက်ဝင်ရောက် ကာ ဒေသစိုမိုးရေး လုပ်ဆောင်နိုင်ရန်ဖြစ်ပြီး တိုက်ပွဲစတင်တော့မည်ဖြစ်သဖြင့် ခက်ခဲကြမ်းတမ်းမည် ဖြစ်ကြောင်း သတိပေးထားသည်။
“ဒီနေ့ ရွှေ့တာက တပ်ထွက်တာပဲ။ တိုက်ပွဲတွေ စတော့မယ်ပေါ့။ မင်းတို့လည်း သင်တန်းတွေ လည်း ပြည့်စုံကြပြီ။ အတွေ့အကြုံတွေလည်းအများကြီးရှိသွားပြီ။ မင်းတို့ကြံ့ကြံ့ခိုင်နိုင်မှု အတွက် လည်း အများကြီး ဂုဏ်ပြုတယ်။ နောက်ပြီးတော့ ငါတို့ တပ်ထွက်တယ်ဆိုတာကတော့ ပန်းခင်း လမ်းကို သွားတာတော့မဟုတ်ဘူး။ ဆူးခင်းတဲ့ ခရောင်းကြမ်းကို သွားကြတာ။ အဲဒီအတွက်ကြောင့် အတွေ့ အကြုံအရ မင်းတို့ ဒဏ်ခံနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ ငါတို့နိုင်ငံမှာ စစ်အာဏာရှင်တွေ အပါ အဝင် အာဏာရှင်တွေ မရှိအောင် ငါတို့ တော်လှန်ရေးလုပ် နေတာ။ ဒီအတွက်လည်း မင်းတို့ ရည် ရွယ် ချက်တွေနဲ့ပဲ ဝင်လာကြတာ။ အဲဒီတော့ ရည်ရွယ်ချက် တွေ ကို မပျောက်ပါစေနဲ့။ တို့နိုင်ငံတွေ က အာဏာရှင်စနစ်တွေ ပျောက်မှ ဖွံ့ဖြိုးတိုးတက်မှာ။ အဲဒီ အတွက် ကိုယ်ရဲ့ ရည်ရွယ်ချက်တွေ ခိုင်ခိုင်မာမာထားပါ” ဟု NUG ဝန်ကြီးချုပ်က ပြောဆိုသည်။
စစ်ကောင်စီက ပြည်သူများအပေါ် ဆက်လက်၍ ရက်စက်သော တိုက်ခိုက်မှုများ ကျူးလွန်နေပြီး တော် လှန်ရေးအောင်မြင်မှသာလျှင် ပြည်သူများ ခံစားနေရသည့် ဒုက္ခများ အဆုံးသတ်မည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“အခုတောင် ၄ နှစ် ပြည်သူတွေ အတော်လေးခံနေရပြီ။ အခုအချိန်အထိလည်းစစ်ကောင်စီက လျှော့ တာမဟုတ်ဘူး။ ဟိုနေရာ ဗုံးကျဲ၊ ကျေးရွာတွေကို ဆက်တိုက် မီးရှို့နေတယ်။ ပြည်သူလူထုတွေ နေ စရာ မရှိ၊ စားစရာမရှိ ဖြစ်နေရပြီ။ အဲဒါကို ငါတို့က ကယ်တင်ရမယ်။ ငါတို့တော်လှန်ရေးအောင်မြင်မှ ပြည်သူတွေရဲ့ ခံစားနေရတဲ့ ဒုက္ခအ၀၀ကို ဖြေဖျောက်လို့ရမယ်” ဟု ဝန်ကြီးချုပ်က ဆိုသည်။
ရန်ကုနှင့်ပဲခူးဒေသများသို့ PDF တပ်များ ရွှေ့ပြောင်းမှုမှ လွန်ခဲ့သော ၂ လခန့်ကပင်စတင် နေခြင်း ဖြစ်ပြီး NUG ဝန်ကြီးချုပ်၏ တပ်ထွက်မိန့်ခွန်းမှာလည်း အချိန်အနည်းငယ်ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media