သိမ်ဇရပ်မြို့အခြေစိုက် ခမရ ၂၀၇ တပ်ရင်းအနီး ကင်းပုန်းဝပ်နေသော စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ တပ်ရင်း အတွင်းကိုလည်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁၂
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အခြေစိုက် ခမရ ၂၀၇ တပ်ရင်းအနီးတွင် ကင်းပုန်းဝပ် နေသော စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ရန် ကုန်တိုင်း တိုက်ခိုက်ရေးအဖွဲ့ ၅ ထံမှ သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက် ညနေ ၄ နာရီခန့်က ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် ၊ ခမရ ၂၀၇ တပ်ရင်းအနီး ကျောက်မိုင်း၌ ကင်းပုန်းဝပ်နေသော စစ်သားများကို တော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း စနိုက်ပါဖြင့် အနီး ကပ်ပစ်မှုခတ်နိုင်ခဲ့မှုကြောင့် စစ်သား ၁ ဦး ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို KNLA ၊ တောင်ညိုတပ်ရင်းနှင့် ရန်ကုန်တိုက်ခိုက်ရေး အဖွဲ့ ၅ တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပဲခူးမြို့နယ်(ပကဖ)၊ ဝေါမြို့နယ်(ပကဖ)၊ သနပ်ပင်မြို့နယ်(ပကဖ)များ အနေဖြင့် စစ်တပ် ကာကင်း သဘောနေရာယူပေးခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီလ ၉ ရက် နေ့လည် ၁၁ နာရီ ၄၅ မိနစ်က ခမရ ၂၀၇ တပ်ရင်းအတွင်းသို့ တောင်ညို စစ်ကြောင်းနှင့် အင်းတကော် (ပ.က.ဖ) ပူးပေါင်းတပ်ဖွဲ့တို့ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media