Read Time:1 Minute, 3 Second
ကဗျာကဏ္ဍ “ကဗျာ့နယ်”
ပျိုးကြဲလက်
ကဗျာ့ကဝိ ၊ ပညာရှိသည်
တပည့်သူငါ ၊ မှားသည့်ခါဝယ်
ကဗျာစပ်ဘိ ၊ ညွှန်ပြ၏ ။
ကဗျာဆရာ ၊ နာယူရာဝယ်
ဂုဏ်ဝါကြီးသည့် ၊ ထိုကဝိအား
ရေးဘိကဗျာ ၊ ကျမ်းဂန်လာနှင့်
မှန်စွာကိုက်ညှိ ၊ တောင်းပန်၏ ။
ကဗျာ့နယ်မှာ ၊ ရေစက်ပါ၍
စာပေလမ်းမ ၊ မိတ်ဆွေရသော်
ချစ်ကြသဟာ ၊ ဆက်ဆံရာ၌
ကဗျာစပ်ဘိ ၊ ပြောဆို၏ ။
ကဗျာဆရာ ၊ ဓလေ့မှာကား
ဂုဏ်ဝါကြီးသူ ၊ ညွှန်ပြမူက
ရယူသုတ ၊ မှတ်သားရ၏ ။
ရယူရသ ၊ ခံစားရ၏ ။
မှတ်ဖွယ်ရာရာ ၊ ကျမ်းဂန်လာကို
ဂုဏ်ဝါငယ်သူ ၊ လမ်းပြမူလည်း
ရယူသုတ ၊ ဂုဏ်ပြုရ၏ ။
ရယူရသ ၊ ချီးမြှောက်ရ၏ ။
ဓမ္မဘက်ရပ် ၊ ကဗျာစပ်၍
ရှောင်အပ်လောဘ ၊ မိုက်ဒေါသနှင့်
မောဟကိုယ်ပယ် ၊ ကဗျာ့နယ်သည်
အံဖွယ်ကျယ်ဝန်းလှပါတကား ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၇ ရက် မွန်းလွဲ ၂ နာရီ ၆ မိနစ်
Thanlwin Myanmar Media