မဲပလီစခန်းသိမ်းတိုက်ပွဲအပါအဝင် တောင်ပိုင်းစစ်ဒေသ၌ တစ်ပတ်အတွင်း တိုက်ပွဲ ၁၈ ကြိမ်ဖြစ်ပြီး စစ်သား ၅၀ ဦး ကျော်သေဆုံး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၈
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီစခန်းသိမ်းတိုက်ပွဲအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၌ တစ်ပတ်အတွင်း တိုက်ပွဲပေါင်း ၁၈ ကြိမ်ဖြစ်ပြီး စစ်သား ၅၀ ဦးကျော်သေဆုံး ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ အတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ၁၈ ကြိမ်ခန့် သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၅၀ ဦးကျော်သေဆုံးကာ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ KNU-KNLA၊ BPLA၊ FFD နှင့် အခြား တော်လှန်ရေးပူးပေါင်းအဖွဲ့ များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တပတ် အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးခဲ့ကာ ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
ယင်းတိုက်ပွဲများအတွင်း မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီဗျူဟာစခန်းကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဗျူဟာ ၂၇ တပ်ရင်းတပ်ဖွဲ့များ၊ နဂါးဖြူစစ်ကြောင်း၊ တောင်ညိုစစ်ကြောင်း၊ LDF၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် မဟာမိတ်များဖြစ်သည့် KNLA၊ BPLA၊ FFD ဒရုန်း အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း (၂၇) ဦးကို ဖမ်းဆီးရရှိခဲ့ပြီး ၎င်းတို့အား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးထားကြောင်းနှင့် ထွက်ပြေးလွတ်မြောက်သွားသူများအား ပူးပေါင်း တပ်ဖွဲ့က လိုက်လံချေမှုန်းလျက်ရှိကြောင်း အသိပေးထားသည်။
ဓာတ်ပုံ – မဲပလီဗျူဟာစခန်း
Thanlwin Myanmar Media