ဘုတလင်မြို့နယ်၊ ညောင်ပင်ကန်ကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက် စစ်သား ၁၀ ဦး ထက်မနည်း သေဆုံး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၇
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ညောင်ပင်ကန်ကျေးရွာအနီးတွင်အကြမ်းဖက်စစ်တပ် စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာ စစ်သားများ တိုက်ခိုက်သေဆုံးမှုရှိကြောင်း Ba Thu Kyawal Column ထံမှ သိရ သည်။
ဖေဖော်ဝါရီလ ၆ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်က မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ မှ အကြမ်းဖက်စစ်သား အင်အား ၁၀၀ ခန့်နှင့် စစ်ကားအကြီး ၃ စီးတို့သည် ဘုတလင်မြို့ ဘက်သို့ မုံရွာ -ရေဦးလမ်းအတိုင်း ထွက်ခွာလာရာ ညောင်ပင်ကန်ကျေးရွာအနီးအရောက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦး ထက်မနည်း သေဆုံး ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။
“၁၀ ဦးထက်မနည်းသေဆုံးတယ်လို့ သတင်းရတယ် ၊ တိုက်ပွဲထဲမှာ နမခကနေ ဟောင်ဝှစ်ဇာ လက် နက်ကြီးနဲ့ ပစ်ကူပေးခဲ့တဲ့အပြင် ဘုတလင်မြို့ပေါ်ကပါက လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့ပါတယ်။ အခုလက်ရှိတော့ စခစစ်ကြောင်းက ဘုတလင်မြို့ပေါ်ကို ရောက်ရှိသွားပြီးတော့ အချိန်အပြောင်း လုပ်သွားပါတယ်” ဟု Ba Thu Kyawal Column မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ယင်းအကြမ်းဖက်စစ်ကြောင်းသည် ဘုတလင်မြို့ပေါ်ရှိ စစ်သားများနှင့် တပ်အချိန်းအပြောင်းပြုလုပ် ရန် ထွက်ခွာလာခြင်းဖြစ်ပြီး တိုက်ခိုက်ခံရမှုကြောင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ် အတွင်းမှ ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့သည့်အပြင် ဘုတလင်မြို့ ပေါ်ရှိ အကြမ်းဖက်စစ်တပ်ကလည်း လက်နက်ကြီးဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို North Western People Defence Force ယင်းမာပင်ခရိုင် အမှတ် ၉ တပ် ရင်း၏ Ba Thu Kyawal Column ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media