ပွင့်ဖြူမြို့နယ်၊ ပုသိမ် -မုံရွာလမ်းပိုင်းရှိ မဲဇလီ-ဆည်တော် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး ၊ လက်နက် ၁ လက်သိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၄
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ပုသိမ် -မုံရွာ လမ်းမပေါ်ရှိ မဲဇလီ-ဆည်တော် စစ်ရေးဂိတ်ကို ၂ ကြိမ် ဝင် ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးပြီး လက်နက် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Yenanthar Column ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁ ရက် နံနက် ၆ နာရီ ၂၄ မိနစ်က ပွင့်ဖြူမြို့နယ်၊ ပုသိမ် -မုံရွာလမ်းမပေါ်ရှိ မဲဇလီ – ဆည်တော် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၇ နာရီ ၅၄ မိနစ်အထိကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ် ဘန်ကာ ၃ လုံးအထိဖြိုချနိုင်ခဲ့ကာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း မဲဇလီစခန်းရှိ စစ်တပ်ခန်းက လက်နက်ကြီးပစ်ကူ၊ Paramotor (အင်ဂျင် တပ်လေထီး) များဖြင့် လေကြောင်းမှတဆင့် ၅ ကြိမ်ထက်မနည်း ပစ်ကူပေးတိုက်ခိုက်မှုကြောင့် စခန်းသိမ်းနိုင်ခြင်းမရှိပဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
“စခန်းကမသိမ်းနိုင်ဘူး၊ မဲဇလီစခန်းကနေ လက်နက်ကြီးပစ်ကူ၊ လေကြောင်းကနေ Paramotor လေထီးပစ်ကူလာလို့ ပြန်ဆုတ်ခဲ့ရတာ။ ပြီးတော့ ကျောက်ကုန်းကြီးပျူရွာ၊ ပွင့်ဖြူမြို့နယ် ဝါတပ်နဲ့ စလင်းဘက်ကနေ စစ်ကူလာတယ်။ အခုတော့ အင်အားထပ်ဖြည့်ထားတယ်။ ပွင့်ဖြူမြို့ အနီးတဝိုက် မှာ စစ်ရေးအရှိန်မြင့်တက်နေတဲ့ အနေအထားဖြစ်လို့ မိဘပြည်သူတွေအနေနဲ့ လိုအပ်တဲ့ ပြင်ဆင်မှု တွေ ပြင်ဆင်ထားကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Yenanthar Column မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်နေ့ကလည်း မဲဇလီ-ဆည်တော် တံတားဂိတ်ကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး လက် နက်ငယ် ၁ လက်နှင့် စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုများကို မကွေးတိုင်း ပ.က.ဖ ၏ ရွေ့လျားစစ်ကြောင်း Yenanthar Column ၊ မင်း ဘူးခရိုင်အမှတ် ၇ တပ်ရင်း၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပွင့်ဖြူမြို့နယ်နှင့် မင်းဘူးခရိုင် ပ.က.ဖ ဒရုန်း လက်ရုံးအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media