အထက် မင်းလှမြို့နယ်မြို့နယ်တွင် ကျေးရွာများကိုလက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ပြန်လာသော စစ် ကား ၂ စီးကို အနီးကပ်ပစ်ခတ်တိုက်ခိုက်မှု အရာရှိများ အပါအဝင် စစ်သား ၃၁ ဦး သေဆုံး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၂၈
မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်တွင် ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ပြန်လာ သော အကြမ်းဖက်စစ်ကား ၂ စီးကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ ကပစ ၁၀ မှ အရာရှိများအပါ အဝင် စစ်သား ၃၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း United States Of Burma Army – USBA တပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ ဇန်နဝါရီလ ၂၈ ရက် မွန်းလွဲ ၁ နာရီ ၂၈ မိနစ်က ကံတုပ်ကျေးရွာ အကြမ်းဖက်စစ်တပ်ဂိတ်မှ မင်းလှမြို့ဘက်သို့ ပြန်လာသည့် အင်အား ၄၉ ဦးပါ အ ကြမ်းဖက်စစ်ကား ၂ စီးကို အထက်မင်းလှမြို့ နယ် အတွင်း အပြိုင်တည်ရှိနေသော သရက်-မင်းလှ ကားလမ်းနှင့် ပုသိမ်-မုံရွာ ကားလမ်းတို့အား ဆက်သွယ်ပေးထားသော ကံတုပ် – စစ္စနို့ ကားလမ်း ပေါ်ရှိ လယ်လှကျေးရွာအနီး (မန်းသံပုရာကန် ရေနံချက်စက်ရုံ -PIC နှင့် ၁၅ မိုင်အကွာ) လမ်းပိုင်း တစ်နေရာ၌ အနီးကပ် စီးနင်း တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
“ကံတုတ်ကနေ စစ္စနို့ဘက်ကို (မင်းလှဘက်ကိုပေါ့) မောင်းပြီး ပြန်တာ။ အရာရှိအပါအဝင် ၃၁ ဦး သေတယ်။ လက်နက်ကမရဘူး။တိုက်ခိုက်ခံရပြီးတော့ ကားသမားက မသေမရှင်နဲ့ မောင်းနိုင်လိုက် တဲ့အခါကျတော့ ရှေ့မီတာ ၄၀၀ လောက်အထိမောင်း ပြေးသွားတာ၊ အဲလောက် အကွာအဝေးကျမှ ကားသမားကမမောင်းနိုင်ပဲနဲ့ သတိလွတ်သွားတာ။ အဲဒီအချိန်မှာ အကောင်း အတိုင်းကျန်နေတဲ့ (သေနတ် ပစ်နိုင်သေးတဲ့) ၁၀ ယောက် ၁၅ ယောက် လောက်က ပြန်ခံပစ်တာ။ အဲဒီလို ပြန်ခံပစ် တာရယ်၊ အဲဒီနေရာက ရန်သူ့အတွင်းပိုင်းကို အရမ်းကျ တယ်။ ကျနော်တို့အတွက် ဆုတ်ဖို့အချိန် မရဘူး။ တကယ်လို့ သူတို့နဲ့ ဆက်ပြီးတိုက်လိုက်ရင် ကျနော် တို့ ဆုတ်လမ်းအတွက်က တော်တော် အဆင်မပြေတော့ဘူး။ ချုံခိုတိုက်ပွဲကနေ သမရိုးကျတိုက်ပွဲ အသွင် ပြောင်းသွားတဲ့အခါ ကျတော့ ဆုတ်ပေးလိုက်တာပါ။ ဘာမှတော့ သိမ်းဆည်းရရှိတာ မရ လိုက်ဘူး” ဟု United States Of Burma Army – USBA တပ်ဖွဲ့မှာ တာဝန်ခံ ကိုဗဟိန်းက ပြောကြားသည်။
ထိုသို့ စီးနင်းတိုက်ခိုက်မှုအတွင်း ပကစ ၁၀ မှ အရာရှိများအပါအဝင် အကြမ်းဖက်စစ်သား ၃၁ ဦး သေဆုံးပြီး ၇ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ လက်ကျန်စစ်သား အနည်းငယ်ဖြင့် အထက်မင်းလှ ဆေးရုံးသို့ အရှိန်မြှင့်မောင်းပြေးသွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မကွေးတိုင်း ပကဖ အထူးလှုပ်ရှားတပ်ဖွဲ့ – United States Of Burma Army – USBA တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့သော် သော်လည်း စိုးရိမ်စရာအခြေအနေမရှိကြောင်း သိရသည်။
အထိနာသော အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခဲ့သော နေရာအနီးတဝိုက်များအား မြေပြင် စစ်ကြောင်း ၊ Drone များဖြင့်ပါ တိုက်ခိုက်နေပြီး လေကြောင်းဖြင့်ပါ တိုက်ခိုက်မှုများ အချိန်မရွေး လုပ်ဆောင်လာနိုင်သောကြောင့် မင်းတုန်းမြို့နယ်၊ အထက် မင်းလှအတွင်းရှိ မိဘပြည်သူများအနေ ဖြင့် အထူးဂရုပြုနေထိုင်ပေးကြပါရန် တိုက်တွန်းထားသည်။
“ဒီတစ်ခါသူတို့က အငိုက်မိတာ။ အဲဒီပတ်ဝန်းကျင်မှာရှိတဲ့ရွာတွေဆိုရင်လည်း စစ်ကောင်စီယန္တရား ၁၀၀ ရာခိုင်နှုန်းအပြည့်လည်ပတ်နေတဲ့ ရွာတွေပေါ့။ နည်းနည်းလေး လူတစ်ယောက်နဲ့တွေ့ရင်က အစ သတင်းပေါက်မယ့် အနေအထားတွေပေါ့၊ သူတို့နယ်မြေလို့အပိုင်သတ်မှတ်ပြီးတော့ အဲဒီလမ်း ပေါ်မှ သူတို့က တစ်ယောက်တည်းလည်းသွားတယ်၊ ၂ ယောက်တည်းလည်းသွားတယ်။ အခုကား တွေဆိုရင်လည်း လုံးဝအေးအေးဆေးဆေးနဲ့သွားလာခဲ့တာ။ လက်နက်ကိုင်တော်လှန်ရေး ၄ နှစ် ပြည့်လို့ပြည့်ချိန်ကာလမှာတောင်မှ သူတို့က စိုးမိုးတဲ့ဒေသ၊ အဲဒီလို ဒေသမှာ အခုလိုထဖြစ်တဲ့ အချိန် ကျတေ့ သူတို့အတွက်တော်တော်လေးတော့ ဆိုးဆိုးရွားရွား တုံ့ပြန်လာနိုင်ပါတယ်။ ဒါကြောင့် ဒေသ နေပြည်သူတွေအနေနဲ့ကတော့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မယ့်အန္တရာယ်တွေ၊ လေကြောင်း တိုက်ခိုက်မှုတွေကို သတိဝီရိယထားပြီးတော့ ကြိုတင်ပြင်ဆင်ကြဖို့ တိုက်တွန်းအကြံပေးလိုပါတယ်” United States Of Burma Army – USBA တပ်ဖွဲ့မှာ တာဝန်ခံ ကိုဗဟိန်းက ပြောဆိုသည်။
ယင်းအကြမ်းဖက်စစ်သားများသည် ဇန်နဝါရီလ ၂၅ ရက်နေ့မှ စတင်ကာ ပုသိမ် -မုံရွာလမ်းမပေါ်ရှိ ကံတုတ်ကျေးရွာဂိတ်စခန်းသို့ ရောက်ရှိလာကာ လက်ပံတံခါးတိုက်နယ်နှင့်ရှမ်းတပ်တိုက်နယ်တို့ အတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ကာ စစ်ကြောင်းထိုးမွှေနှောက်ခဲ့ကြောင်း၊ ထိုသို့ အကြမ်းဖက်စစ်ကြောင်းကြောင့် ပြည်သူ ၄၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေခဲ့ရကြောင်း သိရသည်။
“အထက်မင်းလှရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ တိုက်နယ် ၂ ခုရှိတယ်၊ ရှမ်းတပ်က ပုသိမ် -မုံရွာ လမ်း ပေါ်မှာ၊ ရှမ်းတပ်ကနေ သွားရင် လက်ပံတံခါးကျတော့ လမ်းအတွင်းထဲမှာ ဝင်ရတယ်။အဲဒီလက်ပံတံ ခါးနဲ့ ရှမ်းတပ်ရဲ့ ကြားထဲမှာ ကံတုတ်ဆိုပြီး ရွာရှိတယ်။ အဲဒီရွာမှာ စခန်းမရှိပဲနဲ့ ဂိတ်ထိုင်ထားတာ။ ရှမ်းတပ်နဲ့လက်ပံတံခါးမှာ တိုက်နယ်ရဲစခန်းတွေရှိတယ် ၊ အဲဒီကြားထဲမှာက စခတွေက ဂိတ်ထားပြီး လာထိုင်နေတာ။ အဲဒီ ကံတုတ်ဂိတ်က ပုသိမ် -မုံရွာ လမ်းပေါ်မှာလည်း ဟုတ်တယ်။ ရှမ်းတပ်နဲ့ လက် ပံ တံခါးကြားမှာလည်း ဟုတ်တယ်၊ နောက်ပြီးတော့ သရက် -မင်းလှလမ်းနဲ့ ပုသိမ် – မုံရွာလမ်းကို ဆက်သွယ်ထားတဲ့လမ်းပေါက်လဲ ဟုတ်တယ်။ ၂၅ ရက်နေ့လောက်က မင်းလှ ကပစ ၁၀ ကနေ ထွက်လာပြီးတော့ ရှမ်းတပ်တိုက်နယ်နဲ့ လက်ပံ တခါးတိုက်နယ်ဘက်သို့ ၃ ရက်လောက် စစ်ကြောင်း တွေထိုး၊ လက်နက်ကြီးတွေနဲ့ထုပြီး ရမ်းကားခဲ့ တာ။ အဲဒီ ၃ ရက်ပစ်ခတ်မှုကတော့ လက်နက်ကြီး တွေနဲ့ ရမ်းသမ်းပစ်ခတ်တာဆိုတော့ ပြည်သူတွေ ရွာပေါင်းများစွာက လူဦးရေးသုံးလေး ထောင် လောက် စစ်ဘေးရှောင်လိုက်ရတယ်။ ထိခိုက်တာမျိုး တော့မရှိလိုက်ဘူး။” ဟု United States Of Burma Army – USBA တပ်ဖွဲ့မှာ တာဝန်ခံ ကိုဗဟိန်းက ရှင်းပြသည်။
Thanlwin Myanmar Media