ဒီပဲယင်းမြို့သိမ်းတိုက်ပွဲ ဆင်နွှဲတော့မည်ဟုဆိုကာ စစ်တပ်ထောက်ခံသူများက ဝါဒဖြန့်ခဲ့ပြီးနောက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်
D Day News
ဧပြီလ ၁၈
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်တော့မည်ဟုဆိုကာ စစ်တပ် ထောက်ခံသူများက လိမ်လည်ဝါဒဖြန့်နေခဲ့ပြီးနောက် အကြမ်းဖက်စစ် တပ်က လေကြောင်းဖြင့် လာ ရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။
ယမန်နေ့ ဧပြီလ ၁၇ ရက် ညပိုင်းက ဒီပဲယင်းမြို့ကို တော်လှန်ရေးအဖွဲ့များက မြို့သိမ်းတိုက်ပွဲဆင်နွှဲ တော့မည်ဟုဆိုကာ အကြမ်းဖက်စစ်တပ်ထောက်ခံသူများက လူမှုကွန်မှ တဆင့် ဝါဒဖြန့်နေသဖြင့် ဒီပဲယင်းမြို့နှင့် အနီးတဝိုက်ရှိကျေးရွာများဖြစ်သော အင်တန်း၊ မဲ့သယ်၊ အင်တန်းရွာ တောင်ဘက်ရှိ လယ်ကွင်းပြင်နှင့် ပေါက်ပင်ကွေ့ရွာတို့ကို အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗုံးသီး ၁၂ လုံး လာရောက်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“သူတို့က မြို့ပြင်မှာ ဖြစ်တဲ့အတွက် ထိခိုက်ပျက်စီးမှုတော့ မရှိဘူး။ နောက်တစ်ခါ ဆက်စပ်မှုမရှိတဲ့ ရေဦးနယ်က အဖွဲ့အစည်းနာမည်တွေနဲ့ ဘယ်နေရာရောက်နေပြီဆိုပြီး သတင်းမှားတွေ သူတို့ဖြန့်ဝေ နေ တာလည်း တွေ့ရတယ်ဗျ။ ဒီလိုအခြေအနေနဲ့ သူတို့ လာပြီးတော့တိုက်ခိုက်တာလို့ပဲ ယူဆရ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်က တောင်သူလုပ်ငန်းခွင်ဝင်တဲ့အချိန်။ ရေဝေတာတွေရှိတယ် နောက်တစ်ခါ ငါးရှဉ့်ထိုးတဲ့ပြည်သူတွေ ရှိတယ်။ ဒီမီးတွေ မြင်တဲ့အခါ သူတို့ စိုးရိမ်ကြောင့်ကြပြီး တော့ ဝေဟင် အကူအညီတောင်းပြီးတော့ ဝေဟင်ကနေ တိုက်ခိုက်ခိုင်းတာလို့ ယူဆရတယ်” ဟု ဒေသပြည်သူများက ပြောကြားသည်။
ထိုသို့ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သော်လည်း ပြည် သူများ အထိအခိုက်မရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်နှင့်စစ်တပ် ထောက်ခံသူများသည် တောင်သူ လုပ်ကိုင်များ ၊ ညဉ့်နက်အချိန် ငါးရှဉ့်ဖမ်းသမားများကိုပင် စိုးရိမ်ထိန့်လန့်ပြီး လေကြောင်းအကူအညီ တောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
D Day News