ကဗျာ ကဏ္ဍ “ရဲပါပေ့ကွယ်”
ပျိုးကြဲလက်
အုံးဒိုင်းဖောင်းသံ ၊ သေနတ်သံနှင့်
ဗုံးသံမစဲ ၊ ပစ်ဖောက်ခွဲသော်
ရွာထဲအိမ်ထဲ ၊ ထိမှန်ကွဲ၏ ။
လာဟေ့ဗွေးတုတ် ၊ စစ်ခွေးယုတ်နှင့်
ပျူယုတ်တစ်သင်း ၊ စစ်ကြောင်းနင်း၍
ရွာတွင်းဝင်ခိုက် ၊ ဓားပြတိုက်ပြီ ။
ကိုရင်သာအေး ၊ တော့်သားလေးနှင့်
ဒွေးလေးကိုခေါ် ၊ ဆရာတော်၏
ကျောင်းတော်ရိပ်သို့ ၊ ရှောင်ပါစို့ ။
လူသံခွေးသံ ၊ နွားမောင်းသံနှင့်
ဆူညံပြေးလွှား ၊ အိုးအိမ်များကို
စွန့်ထား၍သာ ပြေးကြရှာပြီ ။
မုဒိမ်းလူသတ် ၊ ခိုးဆိုးနတ်ကား
ညစ်ပတ်နည်းထုံ ၊ လိုရာစုံက
ပြာပုံအတိ ၊ မီးတိုက်၏ ။
အမယ်လေးလေး ၊ ကိုသာအေးရေ
ရွာလေးမီးခ ၊ ပြာပုံကျပေါ့
ဘဝကြီးက ၊ ခါးပါ့တော် ။
နင်ကသားမွေး ၊ ငါဓားသွေး၍
အကြွေးမချန် ၊ ပြည်သူ့ရန်ကို
ပုန်ကန်စစ်ပွဲ ၊ ပါဝင်နွှဲမည်
ရဲကြပါစို့ နှမငယ် ။
ကိုရင်သာအေး ၊ ရှင်မတွေးနဲ့
ဗွေးတုတ်ကိုချစ် ၊ တော်လှန်စစ်ဝယ်
တစ်ယောက်တစ်အား ၊ မောင်ကြီးသွား၍
ကြွားကြွားဝံ့ဝံ့ တိုက်ပါလေ ။
ငါတို့အညာ ၊ ငါတို့ရွာဝယ်
မိစ္ဆာစစ်ခွေး ၊ ဟစ်အော်ပြေးအောင်
ဓားသွေးလှံသ ၊ မောင်းထုတ်ကြဟေ့
အားမွေးပြန်ထ ၊ ပုန်ကန်ကြဟေ့
ရဲကြပါလေ့ ရဲပါလေ့
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်
Thanlwin Myanmar Media